Subscribe to ဂျူနီယာ မှတ်စုများ
Technorati
del.icio.us
August-2-09

သုံးသပ်ခြင်း

posted by ဒေါက်တာ ဂျူနီယာ

သူငယ်ချင်းတစ်ယောက် ပြန်လာတယ်။ သူ့အလုပ်အကြောင်း ကိုယ့်အလုပ်အကြောင်း ပြောကြ ဆိုကြပေါ့လေ။

ဒီမှာ ဘာ သတိထားမိလဲ ဆိုတော့ သူငယ်ချင်း စကားပြောတာ တော်တော်ကောင်းလာတယ်။ ဦးတည်ချက်လည်း ရှိတယ်။ အချိတ်အဆက် လည်း ရှိတယ်။ တကယ့် ပညာတတ်တစ်ယောက် သူ့ပညာကို ဆွေးနွေးနေသလိုပဲ။ ကိုယ်လည်း လျှောက်ပြောနေတာတော့ မဟုတ်ဘူးပေါ့။ သူ့မှာ ရှိတဲ့ ယုံကြည်မှု ကိုယ်မှာ မရှိတာကို ပြောတာ။

ဒါကတော့ အကြောင်းနှစ်ချက်ကြောင့်လို့ ကိုယ် သုံးသပ်မိတယ်

တစ်အချက်ကတော့ ပါတ်ဝန်းကျင်ပဲ။ သူပတ်ဝန်းကျင်မှာက ဆရာဝန်က ဆရာဝန်အလုပ်ပဲ လုပ်ရတယ်။ လေ့လာစရာ စာအုပ်တွေလည်း လေ့လာရတယ်။ အဲဒီ လေ့လာချက်တွေ အတိုင်းပဲ သူလုပ်ရတယ်။ ဥပမာ နှလုံးရောဂါသည် လာတယ် ဆိုပါစို့။ သူလုပ်စရာ ရှိတာက ECG ဆွဲ၊ ဓါတ်မှန်ရိုက်၊ သွေးစစ်ဆေး စရာရှိရင် စစ်ဆေး။ ပြီးရင် တွေ့ရှိချက်အတိုင်း ဆေးပေးရုံပဲ။ ကိုယ်တို့ကတော့ ဒီလို မဖြစ်သေးဘူးလေ။ ECG ဆိုတာ နယ်မြို့လေးတွေမှာ မရှိနိုင်သေးဘူး။ သွေးစစ်ဖို့ဆိုတာကလည်း နေရာတိုင်း မဖြစ်နိုင်။ တကယ်လို့ ကိုယ်က ဒီလိုထင်လို့ ပေးမယ် စဉ်းစားရင်တောင် ကိုယ်တာဝန်ကျတဲ့ဒေသမှာ ဝယ်မရတဲ့ဆေးတွေက အများကြီး။ အဲဒီတော့ နောက်ဆုံးပေါ် ကုသနည်းတွေနဲ့ ကိုယ်နဲ့က နည်းနည်းဝေးနေတယ်။ သူတို့ဆီမှာ ရှော့ခ် (Shock) ကို Central venous line (femoral vein) ထည့်နေချိန်မှာ ကိုယ်တွေက venous cut down လုပ်နေရတုန်းပဲ။ နောက်ပိုင်းစာအုပ်တွေဆို venous cut down ဆိုတာ သိပ်မြင်ရတော့မှာ မဟုတ်ဘူးလေ။ တချို့ ရောဂါတွေဆို Diagnosis ကို သူတို့ ဆီမှာ CT scan, MRI, Scope တွေနဲ့ပဲ Confirm လုပ်နေချိန်မှာ ကိုယ်တွေက ကိုယ့်ရဲ့လက်တွေ နားတွေ ကို အသုံးပြုနေရတုန်း။ အဲဒါမျိုးတွေဆို ဟိုခေတ်က စာအုပ်အဟောင်းတွေ ပြန်ရှာဖတ်ရတယ်။ နောက်ထွက်တဲ့ edition တွေဆို မပါတတ်တော့လို့။

နောက်တစ်ခုကတော့ သူဟာ တကယ် ဇောက်ချလုပ်ကိုင်ခြင်း ဆိုတဲ့ Professional ဖြစ်နေပြီ။ သူတို့ဆီမှာ ဆရာဝန်တွေက ဆေးကုဖို့က လွဲလို့ ဘာမှ ပူစရာမရှိဘူး။ သူတို့ဆေးရုံမှာဆို ဆရာဝန်တွေ စိတ်ဖိစီးမှု နည်းပါးရေး ကော်မတီတောင် ရှိတယ် ဆိုပဲ။ ဒီမှာကတော့ အမျိုးစုံပါပဲ။ လူနာစောင့်တွေ၊ ဆေးဖိုးဝါးခ၊ ဆေးခန်း၊ ဆက်ဆံရေး၊ သန့်ရှင်းရေး ကအစ ကိုယ့်ခေါင်းပေါ် တော်တော် ရောက်တယ်။ ဒီမှာက နောင်တစ်ချိန် ဆရာဝန် ဖြစ်မယ့် ဟောက်ဆာဂျင်တွေ ဆေးရုံလာမလာကိုတောင် စောင့်ကြည့် စာရင်းယူနေရတာ။ ပညာယူဖို့ တက်တက်ကြွကြွ ဖြစ်နေရမယ့် ကိစ္စကို ဘယ်လိုကြောင့်များ ဆေးရုံမလာချင် ဖြစ်နေကြတယ် မသိဘူး။ (ကိုယ့်ဘာသာရပ်ကို ကိုယ်တန်ဖိုး မထားတာ အံ့သြဖို့ ကောင်းတယ်)  အဲ … အပို အလုပ်တွေ လုပ်ရတာကို ပြောတာပါ။ ကိုယ်တို့ ဒီက ဆရာဝန်တွေက Semi-pro ဖြစ်နေတာပေါ့နော်။

ဒါပေမယ့် ဒီမှာလည်း တကယ် ပရိုဖက်ရှင်နယ်ကြီးတွေ ရှိပါတယ်။ အခု ဆရာဝန်ကြီးတွေ ပရော်ဖက်ဆာကြီးတွေကလည်း ကိုယ်တို့လို ဘဝကို ဖြတ်သန်းပြီး နိုင်ငံတကာ အသိအမှတ်ပြု အထူးကု ဘွဲ့တွေ ယူထားကြတာပဲ။ တကယ်တမ်း ပြဿနာက ကိုယ် ကြိုးစားဖို့ လိုနေပြီ၊ အခုထက် အားထည့်ဖို့ လိုနေပြီ ဆိုတာပဲ ဖြစ်မှာပါ။

November-21-08

အင်ဒရူး မေဆန် သို့ အိတ်ဖွင့်ပေးစာ

posted by ဒေါက်တာ ဂျူနီယာ

Bi Weekly Eleven journal No. 35 Vol .1 (Friday November 14 2008) ဂျာနယ် စာမျက်နှာ ၂၃ မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်က ကျနော့် စိတ်ကို နောက်ကျိ ရှုတ်ထွေးသွားစေပါတယ်။ “ဆရာဝန်တော့ ဆရာဝန် …. ဒါပေမဲ့” ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးရဲ့ ဆိုလိုရင်းက မန္တလေးမြို့မှာ ဖျားလို့ ဆေးခန်းသွားပြရာက ဆရာဝန်က HIV positive ဆိုပြီး ဆေးနှစ်လသောက်ရင် ပျောက်တယ်လို့ ပြော၊ အပြင်မှာ ပြန်စစ်ဆေးကြည့်တော့ ပိုးမရှိဘူး ဆိုတာကို ဖွဲ့နွဲ့ရေးထားတာပါ။ ဆောင်းဦးမိုးကျန်စနေမိုးသွန်းဖြိုး လို့ စထားပုံအရ သိပ်မကြာသေးခင် ဖြစ်ထားတာလို့ ယူဆရပါတယ်။
သူဆိုလိုတာကို ကျနော် သဘောပေါက်တာကတော့ ဆရာဝန်က HIV ပိုးရှိတယ်လို့ ညာပြော ဆေးအတင်းရောင်း ဒီလို အဓိပ္ပါယ် ထွက်ပါတယ်။ တစ်လ တစ်သိန်းနှစ်သောင်း၊ နဲ့ နှစ်လ သောက်ရမယ်၊ အပြီးပျောက်တယ်လို့ ပြောတယ်လို့ ဆိုပါတယ်။ လူနာရှင်က မယုံလို့ သူငယ်ချင်းနဲ့ တိုင်ပင် ဆေးပြန်စစ်၊ အဖြေက ပိုးကင်းစင်၊ BAD DOCTOR GOOD DOCTOR ဆိုတာရှိတယ်။ ဆရာဝန်တွေကို မယုံကြနဲ့။ ဒီလိုလား။
စိတ်ကူးယဉ်လား တကယ့် အဖြစ်အပျက်လား လို့ မရေးထားပါဘူး။ ဖွဲ့နွဲ့ ရေးသားပုံအရလည်း သတင်းဆောင်းပါးလို့ မသတ်မှတ်နိုင်ဘူး။ ဒါဆို ဒါဟာဘာလဲ??????
ကျနော့်အနေနဲ့ကတော့ ဒီလို အဖြစ်အပျက်မျိုးကို ရေးမယ်ဆိုရင် အဖြစ်မှန်လား စိတ်ကူးယဉ်လား ဆိုတာကို ထည့်သွင်းဖော်ပြသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက Professional တစ်ခုကို အနည်းနဲ့ အများ ထိခိုက်တယ်လို့ ကျနော် ယူဆပါတယ်။ မြန်မာနိုင်ငံမှာ အစဉ်အလာ ယဉ်ကျေးမှု အရ ဆရာဝန် လူနာ ယုံကြည်မှု ကို ပျက်ပြားသွားစေနိုင်လို့ပါ။ ဒီယုံကြည်မှုဟာ ကျနော်တို့ ကျန်းမာရေးလောကမှာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူနာတစ်ယောက်ကို လုံလောက်တဲ့ အချိန်ပေးဖို့နဲ့ လူနာတွေရဲ့ ကျန်းမားရေး အသိပညာ အခြေခံရှိဖို့ ဆိုတာ လတ်တလော မဖြစ်နိုင်သေးတဲ့ အရာတွေလို့ ထင်ပါတယ်။

တကယ့် အဖြစ်မှန်ဆိုရင်ရော …
သက်ဆိုင်ရာကို တိုင်လို့ရပါတယ်။ ဆေးရုံက ဆရာဝန်တွေမှ မဟုတ်ပါဘူး။ ဆေးကုသနေတဲ့ ဆရာဝန်တွေ အားလုံးက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အုပ်ထိန်းမှုအောက်မှာ ဆေးကုသခွင့်လက်မှတ် ရယူပြီးမှ ကုသနေတာပါ။ မဟုတ်တာ လုပ်တယ်လို့ ယူဆရင် ပွင့်ပွင့်လင်းလင်း တိုင်ကြားနိုင်ပါတယ်။ မကောင်းတာလုပ်နေတာကို သိရဲ့နဲ့ မတိုင်ဘူးဆိုရင် နောက်လူတွေကို ထိခိုက်အောင် ပူးပေါင်းကြံတဲ့ သဘော သက်ရောက်ပါမယ်။
ဂျာနယ်လစ်တစ်ယောက် အနေနဲ့ အဖြစ်အပျက်ကို သေချာ စုံစမ်းပြီး အမည်နဲ့ တကွ ရေးသား ဖော်ပြနိုင်တယ်လို့ သိထားပါတယ်။ အင်္ဂလန်မှာ ဘောလုံးလောက လာဘ်စားတာတွေ အရှုပ်တော်ပုံတွေကို ဂျာနယ် သတင်းထောက်တွေက လေ့လာပြီး သတင်းဖော်ပြရုံသာမက အားကစား ဌာနကိုပါ အချက်အလက်တွေ ပေးအပ်တာ ဂျာနယ်တွေထဲမှာ ခဏခဏ ဖတ်ဖူးပါတယ်။
အဖြစ်မှန် မဟုတ်ဘူးဆိုရင်ရော …
တစ်ခါတစ်လေကျတော့ ဆေးပညာ အခေါ်အဝေါ်တွေဟာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။ တစ်ယောက်ယောက်က ပြန်ပြောတဲ့ အခါကျတော့ အဓိပ္ပါယ်ကောက် လွဲမှားနိုင်ရုံသာမက စကားဆိုတဲ့ အတိုင်း ချဲ့ကား ပြောဆိုခြင်းလည်း ဖြစ်နိုင်ပါတယ်။
တစ်ခါတစ်လေကျတော့ ဒီလိုလည်း ဖြစ်နိုင်ပါတယ် ဆိုတဲ့ အတွေးလေးနဲ့ စာရေးဆရာရဲ့ အာဘော် လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်လည်း သတင်းဂျာနယ်မှာ ထည့်ဖို့တော့ မသင်ဘူးလို့ ထင်တာပါပဲ။
နောက်တစ်ခုက စာရေးဆရာ စာမူခ ပြဿနာကို ဖြေရှင်းနည်းလည်း ဖြစ်နိုင်ပါတယ်။ အခြား အကြောင်းအရာ များစွာ ရေးစရာ ရှိမှာပါ။ ပွဲဆူစေတဲ့ အကြောင်းအရာတွေကိုတော့ဖြင့် လက်ရှောင်သင့်တယ် လို့ ထင်ပါတယ်။
ကျနော် တွေးမိတာလေးတွေ ပြောချင်ပါတယ်။ တွေးမိတာတွေပါ။ ကျနော်မှန်တယ်လို့ မဆိုလိုပါ။
ဒီလိုမျိုး လူနာကို ခြိမ်းခြောက် ဆေးကုသပြီ ဆိုရင် ဆေးကုသခွင့်လက်မှတ် အသိမ်းခံရနိုင်ပါတယ်။ တခြား ပြစ်ဒဏ်တွေလည်း ရှိနိုင်ပါတယ်။ ဒီလောက် အန္တရာယ် ကြီးတာကို တစ်လ တစ်သိန်းနှစ်သောင်း နှစ်လ နှစ်သိန်းလေးသောင်းနဲ့ လဲမှာလား ဆိုတာ စဉ်းစားစရာပါ။ (အောင်မြင်တဲ့ ဆရာဝန်တွေရဲ့ တစ်လ လူနာ စမ်းသပ် တိုင်ပင်ခ ဝင်ငွေဟာ ငါးသိန်းလောက်တော့ အနည်းဆုံး ရှိကြပါတယ်။)
ကျောင်းဆရာတစ်ယောက်အနေနဲ့ HIV ပိုးကို နှစ်လနဲ့ ပျောက်မပျောက် မသိဘူးလို့များ ဆရာဝန်ကထင်မလား။ (နယ်စပ်ကလာမှန်း မိဘချမ်းသာမှန်း ဆရာဝန်က သိတယ်လို့ ဆိုထားပါတယ်။ ဘော်ဒါလာနေတယ်ဆိုတာလည်း မေးဖြစ်မယ် လို့ ထင်ပါတယ်။) မသိရင်တောင် မန္တလေးလို မြို့ကြီးမှာ HIV ပိုးအကြောင်း မသိနိုင်ဘူးလို့ထင်တယ်ဆိုရင် ဒီဆရာဝန် တော်တော်တုံးတယ်လို့ ပြောရပါလိမ့်မယ်။
နောက်တစ်ခုပါ …. အခြားဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ အပြင်ဆေးခန်းမှာ စစ်တယ်။ negative။ ပြီးရင် အမျိုးသား ဓါတ်ခွဲခန်းမှာ စစ်တယ်လို့ ဆိုပါတယ်။ ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်တယ်ဆိုရင်တော့ အမျိုးသား ဓါတ်ခွဲခန်းမှာ တန်းစစ်ရုံနဲ့ တိကျတဲ့ အဖြေ ရမယ်ဆိုတာ သိရပါမယ်။ အပြင်မှာ စစ်လို့ positive ထွက်မှသာ အမျိုးသား ဓါတ်ခွဲခန်း ထပ်စစ်ပါတယ်။ negative ဆိုရင်တော့ ထပ်စစ်လေ့ မရှိပါဘူး။ (အပြင်ဆေးခန်းမှာ positive ဖြစ်ပြီး အမျိုးသား ဓါတ်ခွဲခန်းမှာ negative ဖြစ်တာ ရှိပါတယ်။ ဒါကို false positive ဖြစ်တယ်လို့ ခေါ်ပါတယ်။ အပြင်မှာသုံးစွဲတဲ့ test kit တွေရဲ့ positive ဖြစ်ခဲ့ရင် မလွတ်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ negative ဖြစ်ခဲ့ရင်တော့ နောက်ထပ် confirmation test kit နဲ့ ဘယ်နေရာမှာမှ ထပ်မစစ်ပါ။ နောက် ၆ လ ကြာမှသာ ပြန်စစ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ စကားချပ်)
ဇာတ်လမ်းလေးက ဒီလိုလေးလည်း ဖြစ်နိုင်ပါတယ် ….
အဖျားကြာနေလို့ အပြင် ဓါတ်ခွဲခန်းမှာ သွေးစစ်တယ်။ HIV false positive ထွက်တယ်။ ဆရာဝန်က ART (anti-retroviral therapy) အကြောင်း ရှင်းပြမယ်။ လူနာက ကြောက်ပြီး ပြန်လာတယ်။ confirmation test ထပ်လုပ်တော့ အဖြေက negative။ အိုကေ … သူ့မှာ ပြောစရာ စကားရသွားပြီ။ ဖျားရုံလေးနဲ့ HIV လို့ စွပ်စွဲထားတဲ့ ဆရာဝန်ကို မကြေလည်တာတွေ ဇာတ်လမ်း လုပ်ပြောလို့ ရပြီ။ ဒါဆို သူ့ကိုလည်း သနားမယ်။ ဆရာဝန်လည်း villain ဖြစ် … မပိုင်ဘူးလား။
လျှောက်တွေးကြည့်တာပါ။ ဖတ်မိတဲ့ သူတွေထဲမှာ မန္တလေးသားများ ပါရင် ဒါလေးကို အလွတ် စုံထောက်လေးများ လုပ်ပြီး ဂျူနီယာကို တိုးတိုးလေး လာပြောကြပါဦးလို့။

September-7-08

Pain shock

posted by ဒေါက်တာ ဂျူနီယာ

ဒီနေ့ ဆေးခန်းမှာ လူနာများတယ်။ ဂျူနီယာလည်း ချွေးတွေရွှဲလို့။ မီးမလာတော့ ပန်ကာလေးတွေလည်း အလှပြ ပစ္စည်းတွေလိုပဲ။ ဦးပဇင်းတွေ၊ ကိုရင်တွေ အရင်တင်လိုက်တယ်။ သူတို့ကို အခမဲ့ ကုပေးတာ၊ ကုသိုလ်ပြုတာပေါ့လေ။ သီလရှင်တွေ လည်း အတူတူပဲ။ တခါတလေ သက်ကြီး ရွယ်အိုတွေလည်း အိမ်သူအိမ်သား မရှိဘူး၊ နွမ်းပါးတယ် ဆိုရင် အခမဲ့ပဲ။ ဒါ ဆေးခန်းစထိုင်ကတည်းက။ ကိုယ်က ဗုဒ္ဓဘာသာဝင်လေ။

ဒီလိုနဲ့ လူနာတွေကြည့်ရင်း အသက် ၂၀ ပဲ ရှိသေးတဲ့ လူနာတစ်ယောက် အလှည့် ရောက်လာတယ်။ ဖျားတာက ၃ရက်၊ ဆေး စပ်သောက်နေတယ်၊ ယခင် ကျန်းမာ၊ အခုလောလောဆယ် ကိုယ်လက် ကိုက်ခဲနေတယ်၊ မူးချင်တယ်။ အန်ချင်တယ်။ဆီး၊ ဝမ်း ပုံမှန်။ မတည့်သော ဆေးမရှိ။ သွေးပေါင်ချိန်တိုင်းကြည့်တော့ ၉၀-၆၀။

အိုကေ။ ဓါတ်ဆားရည်သောက်။

အကြောဆေး သွင်းချင်လို့ပါ ဆရာ။

အစားစားနိုင်တယ်မလား။ ဓါတ်ဆားရည်သောက်ရင် ပြန်တက်လာလိမ့်မယ်။

ထိုးပေးပါဆရာရယ်။

အင်းလေ။ ဒါဆိုလည်း ထိုးပေးမယ်။ ဘားပလက်စ် (burplex) တည့်လား။

တည့်တယ် ဆရာ။ အရင်လည်း ထိုးနေကျပဲ။

ဂျူနီယာလည်း 50% ဂလူးကို့စ်ကို ထုံးစံအတိုင်း ဘားပလက်စ် ထိုးဆေးဖြင့် ထိုးပေးသည်။ ပထမ အချက် သွေးကြောပေါက်သွားသည်။ နာလိုက်တာလို့ ညည်းသည်။ နည်းနည်း ဖောင်းသွားသည်။

နောက်အကြောတစ်ကြော ရှာပြီး ထိုးသည်။

အိုကေ … ကဲ အရှေ့မှာ ဆေးယူသွားလိုက်။

ဂျူနီယာ လူနာ ဆက်ကြည့်နေသည်။

ဟာ၊ လဲပြီ ဆရာ။

ခုနက လူနာ ခုံပေါ်က ပြုတ်ကျခြင်းဖြစ်သည်။ ချွေးစေးတွေ ပြန်လို့။ သွေးပေါင်က ထပ်ကျသွားသည်။ 60/ palpable။ စဉ်းစားရပြီ။ ဆေးမတည့်၍ သွေးလန့်ခြင်းလား၊ နာကျင်၍ သွေးလန့်ခြင်းလား။

လုပ်စရာ ရှိတာလည်း ချက်ချင်းလုပ်မှ။ cannula (သွေးကြော ဆေးသွင်းပိုက်) ထည့် normal saline ကို အမြန်သွင်း၊ တဖက်ကလည်း hydrocortisone 100 mg ကို stat dose ထိုးချလိုက်သည်။ အသက်ရှူတာက ပုံမှန်။ သွေးခုန်နှုန်းက တစ်မိနစ်ကို ၉၆။ vital signs (အရေးကြီး လက္ခဏာများ) အကုန်ကောင်းသည်။ သွေးပေါင်ချိန်က ချက်ချင်း ၉၀-၆၀ ကို ပြန်တက်လာသည်။ အိုကေ၊ လူနာကို အနားက ခုတင်တစ်ခုမှာ တင်ထားရင်း ကျန်လူနာတွေ ဆက်ကြည့်ရသည်။ ချိတ်ထားတဲ့ ပုလင်းကုန်သွားတော့လည်း သွေးပေါင်ချိန်က ၁၀၀-၇၀၊ သွေးခုန်နှုန်းက တစ်မိနစ်ကို ၇၂၊ ကျန်တဲ့ လက္ခဏာတွေ ကောင်းတယ်။အခုမှ ဟင်းချနိုင်သည်။

လူနာက ဖျားတာ ၅ရက်မှာ ကော်ဖီနည်းနည်း ပေါင်မုန့်နည်းနည်းက လွဲ၍ ဘာမှ မစားဟုဆိုသည်။ ဆေးစပ်သောက်တော့ တချို့ ဆေးဆိုင်က ပိုးသတ်ဆေး ခပ်ပြင်းပြင်းထည့်ပေးလိုက်ဟန်တူသည်။ လူနာက တော်တော် အားနည်းနေသည်။ ဂျူနီယာကလည်း ပထမ တစ်ချက် ဆေးထိုးစဉ် အကြောပေါက်ပြီး အရေပြားအောက်ရောက်သွားရာ တော်တော်နာသွားသည်။ အဲဒီမှာ pain shock ရသွားခြင်း ဖြစ်သည်။

တခြား မှာစရာရှိတာတွေ ( တစ်ခုခုဖြစ်ရင် ပြန်ပြဖို့၊ အိမ်ရောက်ရင် တစ်ခုခုစားဖို့။ ဆေးသောက်ပြီးရင် အိပ်ရန် စသည်ဖြင့်) မှာပြီး ပြန်လွှတ်လိုက်သည်။ ဂျူနီယာလည်း နွမ်းနယ် ကျန်ခဲ့သည်။ ဆရာဝန်ဖြစ်ရ တယ်မလွယ်ပါလား …….