အမှန်တကယ်တော့ နာမည် တပ်မရေးသင့်ဘူးလို့ ငါထင်ပါတယ်။ ဒါပေမယ့် ဒီပို့စ်က မင်းကို ရည်ရွယ်တာပဲ။ မင်းနာမည်မှ မတပ်ရင် ဘယ်လို နာမည်ပေးရမလဲ။ နောက်ပြီး ဖတ်တဲ့သူထဲမှာ မင်းကို သိတဲ့သူ တစ်ယောက်ပါဖို့ အလွန်ခဲယဉ်းတယ်။ လူဦးရေ သန်းငါးဆယ်မှာ ငါ့ဘလော့ဂ်လေးကို လာသူက ဆယ်ဂဏန်းအောက်မှာရယ်။ ငါ…. စကားလုံးနဲ့ ဖော်မပြတပ်အောင် ဝမ်းနည်းတယ်ကွာ။ ကြားခါစက ရင်ထဲ တစ်ဆို့ဆို့ကြီး ဖြစ်လာတာ။ ပိုဆိုးတာက မနက်ဖြန် ငါဘယ်လိုမှ မအားဘူး သူငယ်ချင်း။ ငါမရှိရင် မဖြစ်တဲ့ အလုပ်တွေ ဆိုပေမယ့် ငါမရှိရင် နောက်လည်း ငါ့ကို မလိုအပ်တော့ဘူး ဖြစ်မယ့် ငါ မစွန့်လွှတ်ရဲတဲ့ အလုပ်တွေပါ။ နောက်တစ်ခုက ငါလာလည်း အခုမှ ဘာမှ မထူးတော့ဘူးလို့ ငါထင်လို့ပါ သူငယ်ချင်း။
တကယ်တော့ ငါတို့ စခင်တာ ဆယ်တန်းအောင်ပြီးမှနော်။ အဲဒီအချိန်က ငါ့ဘဝမှာတော့ အဖြူစင်ဆုံး ပြန်တွေးတိုင်း ဂုဏ်အယူဆုံး အချိန်တွေပဲ။ ပုသိမ်မြို့ရဲ့ လမ်းတွေပေါ်မှာ ငါတို့ ညနေတိုင်း စက်ဘီးစီးခဲ့တာ ငါ ရန်ကုန်ကို ကျောင်းလာတက်တဲ့ အချိန်အထိပဲ။ မင်းက စက်ဘီးကို မြင်းရေးလိုပဲ အမျိုးမျိုး စီးပြခဲ့တာ ငါတို့ အရမ်းအားကျခဲ့တာပေါ့။ တက္ကသိုလ် လမ်းဆုံက ရုပ်တုအောက်မှာ ငါတို့ညတိုင်း ထိုင်ဖြစ်ကြတယ်လေ။ မိုးရွာလို့ စောစောပြန်ရရင်တောင် နိုက်တင်ဂေးလ်မှာ အဝစားပြီး ငြင်းခုံပြီးမှ ပြန်ခဲ့ကြတာပဲ။
ငါတို့ အဖွဲ့က ထူးဆန်းတယ်နော်။ တစ်ဖွဲ့လုံး ကဗျာရေးသလို အကုန်လုံး ကဗျာစာအုပ် ထုတ်ဖူးပေမယ့် အုပ်စုလိုက်တော့ တစ်ခါမှ မထုတ်ဖြစ်ဘူး။ ယုတ်စွ အဆုံး နှစ်ယောက်တွဲပြီးတောင် မထုတ်ဖြစ်ဘူး။ တခြားသူတွေနဲ့သာ တွဲထုတ်ခဲ့ဖူးသာ မဟုတ်လား။ အဲဒီတုန်းက မင်းနဲ့ ဆင်ပေါက်နဲ့ ကဗျာတွေကို ငါ ကြိတ်ပြီး ကြိုက်နေခဲ့တယ်။ ထုတ်မပြောဖြစ်ခဲ့တာကို ခွင့်လွှတ်ပါ သူငယ်ချင်း။
ငါဆေးလိပ်ပြတ်တာလည်း မင်းကျေးဇူးပါပဲကွာ။ ဟိုတလောကလေးတင် အဲဒီအကြောင်းကို လူငယ်တွေရဲ့ ဖြူစင်မှုအနေနဲ့ ငါ ပို့စ်ရေးဖို့ ကြိုးစားနေခဲ့ဘူးတယ်။ မင်းကိုလည်း ထူးထူးခြားခြား သတိရနေမိတယ်ပေါ့ကွာ။ မင်းတော့ မှတ်မိဦးမလား မသိဘူး။ ဆယ်တန်းအောင်စာရင်း မထွက်ခင် မင်းရန်ကုန်က ဆေးလိပ်သူဌေးအိမ်မှာ အလုပ်သွားလုပ်တာ မှတ်မိသေးလား။ ငါတို့က ဆယ်တန်းအောင်ပြီးလို့ ကိုယ့်ဘာသာ ကိုယ် လူကြီး သတ်မှတ်ပြီး အရာရာကို စမ်းသပ်နေချိန်။ အရက်ကို တစ်ခါတစ်လေမှ သောက်ပေမယ့် ဆေးလိပ်ကတော့ အကုန်လုံး လက်ထဲ ညှပ်နေချိန်ပေါ့။ မင်းပြန်လာတော့ မင်းက ဆေးလိပ်မသောက်တော့ဘူးတဲ့။ ဘာလို့လဲ ဆိုတော့ မင်းအလုပ်လုပ်တဲ့ သူဌေး (နိုင်ငံခြားသား) က သူ ကျောင်းထားပေးတဲ့ ကောင်မလေးကို ဘာလိုလို ညာလိုလို မလို့ မင်း စိတ်ဆိုးပြီး ထွက်လာခဲ့တာ။ ဆေးလိပ်လည်း တစ်သက်လုံး ပျက်ပြီတဲ့။ ငါတို့ အားလုံးလည်း မင်းပြောသလို အကုန် စိတ်ဆိုးပြီး ဆေးလိပ်ဖြတ်ကြတာလေ။ ငါလည်း အဲဒီအချိန်ကစပြီး ကိုယ်တိုင် မသောက်သလို သူများသောက်ရင်လည်း နိုင်ငံခြားငွေ ကုန်တယ် ဘာညာ ဆိုပြီး ဆေးလိပ်ပြတ်တရား ဟောဖြစ်တော့တာပဲ။ ကိုယ့်ကိုကိုယ် မျိုးချစ်ရယ်လို့ ဂုဏ်မယူဖြစ်ခဲ့ပေမယ့် ပြန်တွေးကြည့်ရင် လူငယ်ပီပီ မျိုးချစ်တယ်ဆိုတာပြခဲ့တာလို့ပဲ ငါယူဆတာပဲ။ တခြားလူတွေ ပြန်သောက်ရင်သာ ပြန်သောက်မယ်။ ငါမသောက်တော့တာတော့ အခုထိပါ သူငယ်ချင်း။
နိုင်ငံခြားငွေ ကုန်တာချင်း အတူတူ မင်းအရက်တော့ စွဲသွားခဲ့တယ်နော်။ ငါ အပြစ်မတင်ရက်ပါဘူး သူငယ်ချင်း။ ဘဝမှာ ကိုယ် နှစ်သက်လို့ ဒါမှမဟုတ် စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အကျင့်တစ်ခုတော့ လိုတာပဲ။ သာမာန်ကျောင်းစာရေးသား၊ သာမာန်ဘွဲ့ရ မင်းအတွက် ရွေးချယ်စရာ သိပ်မရှိခဲ့လို့ လို့ ငါတွေးပေးနေပါတယ်။ ဒီအချိန်မှာ ငါဘာပဲ ဖြစ်နေနေ ငါ့အရည်အချင်း တစ်ခုတည်းနဲ့ မဟုတ်ပဲ ပတ်ဝန်းကျင် ထောက်ကူလို့ဆိုတာ ငါသိနေပါတယ်။ မင်းမှာ ဒီလို ပတ်ဝန်းကျင်မှ မရှိခဲ့တာ။
ငါ ပုသိမ်ပြန်ရောက်တိုင်း မင်းကို တွေ့ချင်ခဲ့မိတယ်။ ပထမတစ်ခါ အရက်ဖြတ်တာ ဆေးရုံတက်ရတယ် ကြားတော့ ငါပြန်လာချင်ပေမယ့် ငါကြားတဲ့ အချိန်မှာ မင်းက ဆေးရုံက ဆင်းနေပြီး နယ်ကို သွားနေတဲ့ အချိန် ဖြစ်နေပြီ။ မင်း ရုံးစာရေး ဝင်လုပ်နေတယ် ငါကြားသလို မင်းအရက် ပြန်သောက်နေတယ် ဆိုတာလည်း ငါကြားပါတယ် သူငယ်ချင်း။ ဘဝမှာ စွဲလမ်းဖူးတဲ့ အရာတွေက ဖြစ်ရခက်တာကိုး။ ငါတို့ ကိုယ်တိုင်တောင် မကောင်းတဲ့ အကျင့် တစ်ခုနှစ်ခု ရှိနေဆဲပဲ မဟုတ်လား။ ငါနှစ်ဆန်းပိုင်းက ပုသိမ်ရောက်တော့ မင်း ရခိုင်ပြည်နယ်ကို ပြောင်းသွားတယ်လို့ ငါကြားတယ်။ မင်းကို တွေ့ချင်လို့ မင်းပြန်လာရင် ငါ့ဆီ ဆက်သွယ်ဖို့ ဆင်ပေါက်တို့ကို ငါမှာခဲ့သေးတယ်။ အခုတော့ မင်းပြန်လာပြီ။ ဒါပေမယ့် ငါ့ကိုတွေ့ဖို့တော့ မစောင့်နိုင်တော့ဘူးပေါ့။
ဒီနေ့ပဲ TAK ငါ့ဆီ ဖုန်းဆက်တယ်။ ငါမယုံနိုင်သေးဘူး။ စောပါသေးတယ် သူငယ်ချင်းရယ်။ ငါ အမြဲ စိတ်ကူးယဉ်ခဲ့တာ တစ်ခုရှိတယ်။ ငါတစ်နေ့နေ့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ထူထောင်နိုင်ရင် သူငယ်ချင်းတွေ ပြန်စုစည်းပြီး ကြိုးစားကြည့်မယ်လို့။ မဖြစ်နိုင်ဘူးဆိုတာလည်း ငါသိနေခဲ့တယ်။ ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်တဲ့ငါက ဘယ်လို လုပ်ငန်းတစ်ခု ထူထောင်နိုင်မှာလဲ။ ဒါပေမယ့် ငယ်သူငယ်ချင်းတွေဆိုတာ ငါ့ဘဝမှာ အမြဲ အမှတ်ရနေတဲ့ အရာပါကွာ။
သူငယ်ချင်းရေ။ လူတိုင်းသွားရမယ့် ခရီးမှာ မင်းက သွားနှင့်ပြီ။ ငါတို့ ကျန်ခဲ့တဲ့ သူတွေက မင်းကို အမှတ်ရနေမှာပါ။ မင်းဒီဘဝမှာ မြတ်သလား ရှုံးသလား ငါမသိပေမယ့် နောက်ဘဝမှာတော့ ဒီထက်ကောင်းတဲ့ ကံကြမ္မာနဲ့ အသိပညာကို မင်းပိုင်ဆိုင်ပါစေလို့ ငါ ဆုတောင်းနေမှာပါ။ မင်းရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ပေမယ့် မင်းဟာ ငါ့အတွေးထဲက ဒီနေ့ နောက်ဆုံးထွက်သွားမှာ မဟုတ်ဘူးဆိုတာတော့ ငါပြောရဲပါတယ်။ သူငယ်ချင်းဘဝမှာ မင်းကောင်းခဲ့သမျှအတွက် ငါကျေးဇူးတင်သလို ငါမှားခဲ့သမျှအတွက် ခွင့်လွှတ်ပါလို့ ငါ ဒီနေရာကနေ တောင်းပန်ပါရစေ သူငယ်ချင်း။
နေအောင်ကြည် ….. ကောင်းရာ သုဂတိလားပါစေ။
မင်းရဲ့ သူငယ်ချင်းတစ်ယောက်