Subscribe to ဂျူနီယာ မှတ်စုများ
Technorati
del.icio.us
August-2-09

သုံးသပ်ခြင်း

posted by ဒေါက်တာ ဂျူနီယာ

သူငယ်ချင်းတစ်ယောက် ပြန်လာတယ်။ သူ့အလုပ်အကြောင်း ကိုယ့်အလုပ်အကြောင်း ပြောကြ ဆိုကြပေါ့လေ။

ဒီမှာ ဘာ သတိထားမိလဲ ဆိုတော့ သူငယ်ချင်း စကားပြောတာ တော်တော်ကောင်းလာတယ်။ ဦးတည်ချက်လည်း ရှိတယ်။ အချိတ်အဆက် လည်း ရှိတယ်။ တကယ့် ပညာတတ်တစ်ယောက် သူ့ပညာကို ဆွေးနွေးနေသလိုပဲ။ ကိုယ်လည်း လျှောက်ပြောနေတာတော့ မဟုတ်ဘူးပေါ့။ သူ့မှာ ရှိတဲ့ ယုံကြည်မှု ကိုယ်မှာ မရှိတာကို ပြောတာ။

ဒါကတော့ အကြောင်းနှစ်ချက်ကြောင့်လို့ ကိုယ် သုံးသပ်မိတယ်

တစ်အချက်ကတော့ ပါတ်ဝန်းကျင်ပဲ။ သူပတ်ဝန်းကျင်မှာက ဆရာဝန်က ဆရာဝန်အလုပ်ပဲ လုပ်ရတယ်။ လေ့လာစရာ စာအုပ်တွေလည်း လေ့လာရတယ်။ အဲဒီ လေ့လာချက်တွေ အတိုင်းပဲ သူလုပ်ရတယ်။ ဥပမာ နှလုံးရောဂါသည် လာတယ် ဆိုပါစို့။ သူလုပ်စရာ ရှိတာက ECG ဆွဲ၊ ဓါတ်မှန်ရိုက်၊ သွေးစစ်ဆေး စရာရှိရင် စစ်ဆေး။ ပြီးရင် တွေ့ရှိချက်အတိုင်း ဆေးပေးရုံပဲ။ ကိုယ်တို့ကတော့ ဒီလို မဖြစ်သေးဘူးလေ။ ECG ဆိုတာ နယ်မြို့လေးတွေမှာ မရှိနိုင်သေးဘူး။ သွေးစစ်ဖို့ဆိုတာကလည်း နေရာတိုင်း မဖြစ်နိုင်။ တကယ်လို့ ကိုယ်က ဒီလိုထင်လို့ ပေးမယ် စဉ်းစားရင်တောင် ကိုယ်တာဝန်ကျတဲ့ဒေသမှာ ဝယ်မရတဲ့ဆေးတွေက အများကြီး။ အဲဒီတော့ နောက်ဆုံးပေါ် ကုသနည်းတွေနဲ့ ကိုယ်နဲ့က နည်းနည်းဝေးနေတယ်။ သူတို့ဆီမှာ ရှော့ခ် (Shock) ကို Central venous line (femoral vein) ထည့်နေချိန်မှာ ကိုယ်တွေက venous cut down လုပ်နေရတုန်းပဲ။ နောက်ပိုင်းစာအုပ်တွေဆို venous cut down ဆိုတာ သိပ်မြင်ရတော့မှာ မဟုတ်ဘူးလေ။ တချို့ ရောဂါတွေဆို Diagnosis ကို သူတို့ ဆီမှာ CT scan, MRI, Scope တွေနဲ့ပဲ Confirm လုပ်နေချိန်မှာ ကိုယ်တွေက ကိုယ့်ရဲ့လက်တွေ နားတွေ ကို အသုံးပြုနေရတုန်း။ အဲဒါမျိုးတွေဆို ဟိုခေတ်က စာအုပ်အဟောင်းတွေ ပြန်ရှာဖတ်ရတယ်။ နောက်ထွက်တဲ့ edition တွေဆို မပါတတ်တော့လို့။

နောက်တစ်ခုကတော့ သူဟာ တကယ် ဇောက်ချလုပ်ကိုင်ခြင်း ဆိုတဲ့ Professional ဖြစ်နေပြီ။ သူတို့ဆီမှာ ဆရာဝန်တွေက ဆေးကုဖို့က လွဲလို့ ဘာမှ ပူစရာမရှိဘူး။ သူတို့ဆေးရုံမှာဆို ဆရာဝန်တွေ စိတ်ဖိစီးမှု နည်းပါးရေး ကော်မတီတောင် ရှိတယ် ဆိုပဲ။ ဒီမှာကတော့ အမျိုးစုံပါပဲ။ လူနာစောင့်တွေ၊ ဆေးဖိုးဝါးခ၊ ဆေးခန်း၊ ဆက်ဆံရေး၊ သန့်ရှင်းရေး ကအစ ကိုယ့်ခေါင်းပေါ် တော်တော် ရောက်တယ်။ ဒီမှာက နောင်တစ်ချိန် ဆရာဝန် ဖြစ်မယ့် ဟောက်ဆာဂျင်တွေ ဆေးရုံလာမလာကိုတောင် စောင့်ကြည့် စာရင်းယူနေရတာ။ ပညာယူဖို့ တက်တက်ကြွကြွ ဖြစ်နေရမယ့် ကိစ္စကို ဘယ်လိုကြောင့်များ ဆေးရုံမလာချင် ဖြစ်နေကြတယ် မသိဘူး။ (ကိုယ့်ဘာသာရပ်ကို ကိုယ်တန်ဖိုး မထားတာ အံ့သြဖို့ ကောင်းတယ်)  အဲ … အပို အလုပ်တွေ လုပ်ရတာကို ပြောတာပါ။ ကိုယ်တို့ ဒီက ဆရာဝန်တွေက Semi-pro ဖြစ်နေတာပေါ့နော်။

ဒါပေမယ့် ဒီမှာလည်း တကယ် ပရိုဖက်ရှင်နယ်ကြီးတွေ ရှိပါတယ်။ အခု ဆရာဝန်ကြီးတွေ ပရော်ဖက်ဆာကြီးတွေကလည်း ကိုယ်တို့လို ဘဝကို ဖြတ်သန်းပြီး နိုင်ငံတကာ အသိအမှတ်ပြု အထူးကု ဘွဲ့တွေ ယူထားကြတာပဲ။ တကယ်တမ်း ပြဿနာက ကိုယ် ကြိုးစားဖို့ လိုနေပြီ၊ အခုထက် အားထည့်ဖို့ လိုနေပြီ ဆိုတာပဲ ဖြစ်မှာပါ။

Add A Comment