Subscribe to ဂျူနီယာ မှတ်စုများ
Technorati
del.icio.us

Archive for November, 2008

November-27-08

ရှုံ့ချခြင်း

posted by ဒေါက်တာ ဂျူနီယာ

အပြစ်မဲ့ သူများအပေါ် သေကြေ ထိခိုက် ဒဏ်ရာ ရစေသော အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်သူ အားလုံးအား ပြင်းထန်စွာ ရှုံ့ချပါ၏။

I strongly condemned the terrorism in india and all over the world which cause innocent people death and injuries.

Tags:
November-25-08

ဆေးမင်ကြောင်

posted by ဒေါက်တာ ဂျူနီယာ

ကျန်းမာရေး ပညာပေးတွေ လိုတော့ လိုနေသေးတယ်။

Ward round ရင်း စကားစလိုက်သော ဆရာကြီး စကားကြောင့် အားလုံး နားစွင့်လာကြသည်။ လက်ဖဝါးတွင် မောင် ဟု ဆေးမင်ကြောင် ထိုးထားသော လူနာအမျိုးသမီးငယ်ကလည်း ဇဝေဇဝါဖြင့် ကြည့်နေသည်။ ဆရာကြီးက စကားမဆက်ပဲ လူနာကို ဆက်ပြီး စမ်းသပ်နေသည်။ ဓါတ်မှန်ကို ထောင်ကြည့်သည်။ ပေးထားသော ဆေးများကို ပြန်သုံးသပ်ပြန်သည်။ အာလုံးကတော့ စကားကို လိုအပ်သလို ထိထိမိမိ ပြောတတ်သော ဆရာကြိး ဘာစကားဆက်မလဲဟု စိတ်ဝင်စားနေကြသည်။

သက်သာလား၊ သမီး။

သက်သာပါတယ်၊ ဆရာ။

သမီးလက်က ဆေးမင်ကြောင်က ထိုးတာတာ ကြာပြီလား။

အမျိုးသမီးငယ် မျက်နှာ အနည်းငယ် ရှက်သွေးလွှမ်းသွားသည်။ ၄ နှစ်လောက်ရှိပါပြီ၊ ဆရာကြီး။ တောင်ပြုန်းပွဲ သွားရင်း မန္တလေးသွားရင်း ထိုးခဲ့တာပါ။

သမီး အမျိုးသားရော။

မနှစ်ကတည်းက ဆုံးသွားပါပြီ။ လေးနှစ်ကျော်ပဲ ပေါင်းလိုက်ရပါတယ်။ ဒီရောဂါနဲ့ပဲ ဆုံးသွားတာပါ။

(လူနာအမျိုးသမီး၏ ရောဂါနေရာတွင် HIV infection ဟု ရေးထားသည်)

သြော်၊ ဘယ်မှာနေတာလဲ။

ရန်ကုန်မှာပါပဲ ဆရာကြီး၊ ….. မြို့နယ်မှာပါ။

ဆရာကြီးက စကားမဆက်ပဲ လူနာ ဆက်လက် ကြည့်ရှုသည်။ ဆရာဝန်၊ သူနာပြု အခန်းရောက်တော့ သူနာပြုဆရာမကြီးက မနေနိုင်တော့။

ဆရာကြီး ဆက်ပြောလေ။ လက်မှာ ဆေးမင်ကြောင်ထိုးတာနဲ့ ကျန်းမာရေး ပညာပေးလိုတာနဲ့။

စဉ်းစားကြည့်လေ။ လွန်ခဲ့တဲ့ လေးနှစ်ဆိုတော့ သူ့မှာ ဒီပိုး စရှိမရှိ မသိနိုင်သေးဘူးလေ။ တကယ်ပဲ ဆေးမင်ကြောင်ထိုးလို့ ကူးတာလား။ ဒါမှမဟုတ် အဲဒီအချိန်ကပဲ သူ့မှာ ရှိနေပြီလား။ ဆေးမင်ကြောင်ထိုးတဲ့လူတွေက ဘယ်လောက်များမလဲ။ ကူးနိုင်တာကို စဉ်းစား ကြည့်တာပါ။

ဒါမှမဟုတ်ရင် နောက်မှပဲ ကူးတာလား။ ဒါကတော့ ဘယ်လိုမှ မသိနိုင်ဘူးလေ။ သူ့အမျိုးသားက မနှစ်က ဆုံးတယ်ဆိုတော့ ရှိခဲ့တာ ကြာနေပြီ ဆိုတာ ဖြစ်နိုင်တာပဲ။ ဒီထက် ပိုကူးနိုင်တာက အသည်းရောင်အသားဝါ ဘီ ရောဂါပိုးပဲ။ တစ်နှစ်တစ်နှစ် ဆေးမင်ကြောင် ထိုးတာကနေ HIV, အသည်းရောင်အသားဝါ ဘီ နဲ့ စီ ကူးတာ ဘယ်နှစ်ယောက်ရှိနိုင်မလဲ စဉ်းစားကြည့်ပေါ။ ဒီက ဆေးမင်ကြောင်အပ်တွေကို တစ်ခါသုံအပ် ဒါမှမဟုတ် သေချာ ပိုးသတ်ထားတဲ့ အပ်တွေ သုံးတဲ့ ဆိုင်တွေမှာပဲ ဆေးမင်ကြောင်ထိုးကြဖို့ အသိပေးတာ ပိုလုပ်သင့်တာပေါ့။

ဆရာကြီး ဆေးမင်ကြောင်ထိုးတာ ပွဲဈေးတန်းတွေမှာ အများဆုံးထိုးကြတာဆိုတော့ ပွဲဈေးတန်း ကြီးကြပ်တဲ့သူတွေကို တာဝန် ပေးလိုက်ပေါ့ ဆရာကြီး။

ဝင်ပြောလိုက်သော လက်ထောက်ဆရာဝန် ဂျူနီယာ စကားကြောင့် ဆရာကြီး ပြုံးလိုက်သည်။

အေး၊ အဲဒါကိုတော့ မင်းကိုပဲ တာဝန်ပေးရမယ်။ ပွဲရှိရင် မင်းကို ကြီးကြပ်သူစာရင်းထဲ ထည့်ပေးဖို့ TMO ( မြို့နယ် ဆရာဝန်ကြီး) ကို ငါ ပြောပေးမယ်။

………………………………………………………………………………………………………………………………………………………..

Tags:
November-21-08

G mail ရဲ့ အသွင်သစ်

posted by ဒေါက်တာ ဂျူနီယာ

Internet connection လေးရက် ပြတ်တောက်ပြီး သကာလ ယနေ့ ပြန်ရတဲ့ အခါကျတော့ G mail ရဲ့ နောက်ခံက တစ်မျိုးဖြစ်နေပါတယ်။ log in လုပ်လိုက်တော့ Themes ပြောင်းလို့ရတယ် ဆိုတဲ့ message လေးက အပေါ်ဖက်မှာ ပေါ်လာပါတယ်။ click လုပ်လိုက်တော့ အောက်က ပုံမျိုး ပေါ်လာပြီး Theme တစ်ခု ရွေးခိုင်းတယ်။

gmail themes

ကျနော်ကတော့ ဒီ နင်ဂျာ ဆိုတဲ့ theme လေးကို သဘောကျတယ်။ မျက်လုံးအေးတယ်။ ထင်ရှားတယ်။ နောက်ခံအရောင်က စာနဲ့ မရောဘူး။
Theme ကြောင့် သိသိသာသာ လေးသွားတာကို မတွေ့ရပါဘူး။
ထပ်ပြောင်းချင်တယ်ဆိုရင်တော့ setting ထဲကို ဝင်လိုက်ရင် ဘယ်ဘက် ထောင့်ဆုံးမှာ Themes ဆိုတဲ့ Tab လေးကို နှိပ်ပြီး ဝင်ရောက် ပြောင်းလဲနိုင်ပါတယ်။ အခု စာရေးနေတုန်းအထိတော့ အခုပေးထားတဲ့ Themes တွေ အပြင် ထပ်မံ ပြောင်းလဲလို့ ရတာတော့ မတွေ့သေးပါဘူး။

G mail ရဲ့ support site မှာတော့ အခုလို ရေးထားတာ တွေ့ရပါတယ်။

Themes

Themes allow you to customize the look and feel of your Gmail account. To choose a theme, click a thumbnail on the Themes tab of your Settings page.

In some cases, you can also customize by location. Some themes change during the day, and we use the location information you provide to correctly time these changes with your local sunrise, sunset, and/or weather. If you select one of these themes, you’ll see a Country/Region drop-down menu appear. Select the country you want, and then enter a city in the field provided. If you don’t enter a city, or enter an invalid one, we’ll set your location to the capital city of the country you selected. When you’re done, click Save.

Note: Google developed most of the themes, but three were designed by external artists; Phantasea Renewal was designed by Matthew Ferreira

, Summer Ocean by Jim Honeycutt, and Cherry Blossom by Vania Sofandi

.
ထွင်တော့ ထွင်နိုင်တဲ့ လူတွေပဲ။ လှသွားတာတော့ အမှန်ပဲ။
အဲ … အရင်ပုံလေးပဲ ကြိုက်တယ် ဆိုသူတွေအတွက် အပေါ်ဆုံးက log out ထွက်တဲ့နားမှာ Older version လို့ ပေးထားပါတယ်။ ကဲ … ဘာလိုသေးလဲ။

Tags:
November-21-08

အင်ဒရူး မေဆန် သို့ အိတ်ဖွင့်ပေးစာ

posted by ဒေါက်တာ ဂျူနီယာ

Bi Weekly Eleven journal No. 35 Vol .1 (Friday November 14 2008) ဂျာနယ် စာမျက်နှာ ၂၃ မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်က ကျနော့် စိတ်ကို နောက်ကျိ ရှုတ်ထွေးသွားစေပါတယ်။ “ဆရာဝန်တော့ ဆရာဝန် …. ဒါပေမဲ့” ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးရဲ့ ဆိုလိုရင်းက မန္တလေးမြို့မှာ ဖျားလို့ ဆေးခန်းသွားပြရာက ဆရာဝန်က HIV positive ဆိုပြီး ဆေးနှစ်လသောက်ရင် ပျောက်တယ်လို့ ပြော၊ အပြင်မှာ ပြန်စစ်ဆေးကြည့်တော့ ပိုးမရှိဘူး ဆိုတာကို ဖွဲ့နွဲ့ရေးထားတာပါ။ ဆောင်းဦးမိုးကျန်စနေမိုးသွန်းဖြိုး လို့ စထားပုံအရ သိပ်မကြာသေးခင် ဖြစ်ထားတာလို့ ယူဆရပါတယ်။
သူဆိုလိုတာကို ကျနော် သဘောပေါက်တာကတော့ ဆရာဝန်က HIV ပိုးရှိတယ်လို့ ညာပြော ဆေးအတင်းရောင်း ဒီလို အဓိပ္ပါယ် ထွက်ပါတယ်။ တစ်လ တစ်သိန်းနှစ်သောင်း၊ နဲ့ နှစ်လ သောက်ရမယ်၊ အပြီးပျောက်တယ်လို့ ပြောတယ်လို့ ဆိုပါတယ်။ လူနာရှင်က မယုံလို့ သူငယ်ချင်းနဲ့ တိုင်ပင် ဆေးပြန်စစ်၊ အဖြေက ပိုးကင်းစင်၊ BAD DOCTOR GOOD DOCTOR ဆိုတာရှိတယ်။ ဆရာဝန်တွေကို မယုံကြနဲ့။ ဒီလိုလား။
စိတ်ကူးယဉ်လား တကယ့် အဖြစ်အပျက်လား လို့ မရေးထားပါဘူး။ ဖွဲ့နွဲ့ ရေးသားပုံအရလည်း သတင်းဆောင်းပါးလို့ မသတ်မှတ်နိုင်ဘူး။ ဒါဆို ဒါဟာဘာလဲ??????
ကျနော့်အနေနဲ့ကတော့ ဒီလို အဖြစ်အပျက်မျိုးကို ရေးမယ်ဆိုရင် အဖြစ်မှန်လား စိတ်ကူးယဉ်လား ဆိုတာကို ထည့်သွင်းဖော်ပြသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက Professional တစ်ခုကို အနည်းနဲ့ အများ ထိခိုက်တယ်လို့ ကျနော် ယူဆပါတယ်။ မြန်မာနိုင်ငံမှာ အစဉ်အလာ ယဉ်ကျေးမှု အရ ဆရာဝန် လူနာ ယုံကြည်မှု ကို ပျက်ပြားသွားစေနိုင်လို့ပါ။ ဒီယုံကြည်မှုဟာ ကျနော်တို့ ကျန်းမာရေးလောကမှာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူနာတစ်ယောက်ကို လုံလောက်တဲ့ အချိန်ပေးဖို့နဲ့ လူနာတွေရဲ့ ကျန်းမားရေး အသိပညာ အခြေခံရှိဖို့ ဆိုတာ လတ်တလော မဖြစ်နိုင်သေးတဲ့ အရာတွေလို့ ထင်ပါတယ်။

တကယ့် အဖြစ်မှန်ဆိုရင်ရော …
သက်ဆိုင်ရာကို တိုင်လို့ရပါတယ်။ ဆေးရုံက ဆရာဝန်တွေမှ မဟုတ်ပါဘူး။ ဆေးကုသနေတဲ့ ဆရာဝန်တွေ အားလုံးက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အုပ်ထိန်းမှုအောက်မှာ ဆေးကုသခွင့်လက်မှတ် ရယူပြီးမှ ကုသနေတာပါ။ မဟုတ်တာ လုပ်တယ်လို့ ယူဆရင် ပွင့်ပွင့်လင်းလင်း တိုင်ကြားနိုင်ပါတယ်။ မကောင်းတာလုပ်နေတာကို သိရဲ့နဲ့ မတိုင်ဘူးဆိုရင် နောက်လူတွေကို ထိခိုက်အောင် ပူးပေါင်းကြံတဲ့ သဘော သက်ရောက်ပါမယ်။
ဂျာနယ်လစ်တစ်ယောက် အနေနဲ့ အဖြစ်အပျက်ကို သေချာ စုံစမ်းပြီး အမည်နဲ့ တကွ ရေးသား ဖော်ပြနိုင်တယ်လို့ သိထားပါတယ်။ အင်္ဂလန်မှာ ဘောလုံးလောက လာဘ်စားတာတွေ အရှုပ်တော်ပုံတွေကို ဂျာနယ် သတင်းထောက်တွေက လေ့လာပြီး သတင်းဖော်ပြရုံသာမက အားကစား ဌာနကိုပါ အချက်အလက်တွေ ပေးအပ်တာ ဂျာနယ်တွေထဲမှာ ခဏခဏ ဖတ်ဖူးပါတယ်။
အဖြစ်မှန် မဟုတ်ဘူးဆိုရင်ရော …
တစ်ခါတစ်လေကျတော့ ဆေးပညာ အခေါ်အဝေါ်တွေဟာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။ တစ်ယောက်ယောက်က ပြန်ပြောတဲ့ အခါကျတော့ အဓိပ္ပါယ်ကောက် လွဲမှားနိုင်ရုံသာမက စကားဆိုတဲ့ အတိုင်း ချဲ့ကား ပြောဆိုခြင်းလည်း ဖြစ်နိုင်ပါတယ်။
တစ်ခါတစ်လေကျတော့ ဒီလိုလည်း ဖြစ်နိုင်ပါတယ် ဆိုတဲ့ အတွေးလေးနဲ့ စာရေးဆရာရဲ့ အာဘော် လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်လည်း သတင်းဂျာနယ်မှာ ထည့်ဖို့တော့ မသင်ဘူးလို့ ထင်တာပါပဲ။
နောက်တစ်ခုက စာရေးဆရာ စာမူခ ပြဿနာကို ဖြေရှင်းနည်းလည်း ဖြစ်နိုင်ပါတယ်။ အခြား အကြောင်းအရာ များစွာ ရေးစရာ ရှိမှာပါ။ ပွဲဆူစေတဲ့ အကြောင်းအရာတွေကိုတော့ဖြင့် လက်ရှောင်သင့်တယ် လို့ ထင်ပါတယ်။
ကျနော် တွေးမိတာလေးတွေ ပြောချင်ပါတယ်။ တွေးမိတာတွေပါ။ ကျနော်မှန်တယ်လို့ မဆိုလိုပါ။
ဒီလိုမျိုး လူနာကို ခြိမ်းခြောက် ဆေးကုသပြီ ဆိုရင် ဆေးကုသခွင့်လက်မှတ် အသိမ်းခံရနိုင်ပါတယ်။ တခြား ပြစ်ဒဏ်တွေလည်း ရှိနိုင်ပါတယ်။ ဒီလောက် အန္တရာယ် ကြီးတာကို တစ်လ တစ်သိန်းနှစ်သောင်း နှစ်လ နှစ်သိန်းလေးသောင်းနဲ့ လဲမှာလား ဆိုတာ စဉ်းစားစရာပါ။ (အောင်မြင်တဲ့ ဆရာဝန်တွေရဲ့ တစ်လ လူနာ စမ်းသပ် တိုင်ပင်ခ ဝင်ငွေဟာ ငါးသိန်းလောက်တော့ အနည်းဆုံး ရှိကြပါတယ်။)
ကျောင်းဆရာတစ်ယောက်အနေနဲ့ HIV ပိုးကို နှစ်လနဲ့ ပျောက်မပျောက် မသိဘူးလို့များ ဆရာဝန်ကထင်မလား။ (နယ်စပ်ကလာမှန်း မိဘချမ်းသာမှန်း ဆရာဝန်က သိတယ်လို့ ဆိုထားပါတယ်။ ဘော်ဒါလာနေတယ်ဆိုတာလည်း မေးဖြစ်မယ် လို့ ထင်ပါတယ်။) မသိရင်တောင် မန္တလေးလို မြို့ကြီးမှာ HIV ပိုးအကြောင်း မသိနိုင်ဘူးလို့ထင်တယ်ဆိုရင် ဒီဆရာဝန် တော်တော်တုံးတယ်လို့ ပြောရပါလိမ့်မယ်။
နောက်တစ်ခုပါ …. အခြားဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ အပြင်ဆေးခန်းမှာ စစ်တယ်။ negative။ ပြီးရင် အမျိုးသား ဓါတ်ခွဲခန်းမှာ စစ်တယ်လို့ ဆိုပါတယ်။ ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်တယ်ဆိုရင်တော့ အမျိုးသား ဓါတ်ခွဲခန်းမှာ တန်းစစ်ရုံနဲ့ တိကျတဲ့ အဖြေ ရမယ်ဆိုတာ သိရပါမယ်။ အပြင်မှာ စစ်လို့ positive ထွက်မှသာ အမျိုးသား ဓါတ်ခွဲခန်း ထပ်စစ်ပါတယ်။ negative ဆိုရင်တော့ ထပ်စစ်လေ့ မရှိပါဘူး။ (အပြင်ဆေးခန်းမှာ positive ဖြစ်ပြီး အမျိုးသား ဓါတ်ခွဲခန်းမှာ negative ဖြစ်တာ ရှိပါတယ်။ ဒါကို false positive ဖြစ်တယ်လို့ ခေါ်ပါတယ်။ အပြင်မှာသုံးစွဲတဲ့ test kit တွေရဲ့ positive ဖြစ်ခဲ့ရင် မလွတ်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ negative ဖြစ်ခဲ့ရင်တော့ နောက်ထပ် confirmation test kit နဲ့ ဘယ်နေရာမှာမှ ထပ်မစစ်ပါ။ နောက် ၆ လ ကြာမှသာ ပြန်စစ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ စကားချပ်)
ဇာတ်လမ်းလေးက ဒီလိုလေးလည်း ဖြစ်နိုင်ပါတယ် ….
အဖျားကြာနေလို့ အပြင် ဓါတ်ခွဲခန်းမှာ သွေးစစ်တယ်။ HIV false positive ထွက်တယ်။ ဆရာဝန်က ART (anti-retroviral therapy) အကြောင်း ရှင်းပြမယ်။ လူနာက ကြောက်ပြီး ပြန်လာတယ်။ confirmation test ထပ်လုပ်တော့ အဖြေက negative။ အိုကေ … သူ့မှာ ပြောစရာ စကားရသွားပြီ။ ဖျားရုံလေးနဲ့ HIV လို့ စွပ်စွဲထားတဲ့ ဆရာဝန်ကို မကြေလည်တာတွေ ဇာတ်လမ်း လုပ်ပြောလို့ ရပြီ။ ဒါဆို သူ့ကိုလည်း သနားမယ်။ ဆရာဝန်လည်း villain ဖြစ် … မပိုင်ဘူးလား။
လျှောက်တွေးကြည့်တာပါ။ ဖတ်မိတဲ့ သူတွေထဲမှာ မန္တလေးသားများ ပါရင် ဒါလေးကို အလွတ် စုံထောက်လေးများ လုပ်ပြီး ဂျူနီယာကို တိုးတိုးလေး လာပြောကြပါဦးလို့။

November-15-08

နေအောင်ကြည်သို့

posted by ဒေါက်တာ ဂျူနီယာ

အမှန်တကယ်တော့ နာမည် တပ်မရေးသင့်ဘူးလို့ ငါထင်ပါတယ်။ ဒါပေမယ့် ဒီပို့စ်က မင်းကို ရည်ရွယ်တာပဲ။ မင်းနာမည်မှ မတပ်ရင် ဘယ်လို နာမည်ပေးရမလဲ။ နောက်ပြီး ဖတ်တဲ့သူထဲမှာ မင်းကို သိတဲ့သူ တစ်ယောက်ပါဖို့ အလွန်ခဲယဉ်းတယ်။ လူဦးရေ သန်းငါးဆယ်မှာ ငါ့ဘလော့ဂ်လေးကို လာသူက ဆယ်ဂဏန်းအောက်မှာရယ်။ ငါ…. စကားလုံးနဲ့ ဖော်မပြတပ်အောင် ဝမ်းနည်းတယ်ကွာ။ ကြားခါစက ရင်ထဲ တစ်ဆို့ဆို့ကြီး ဖြစ်လာတာ။ ပိုဆိုးတာက မနက်ဖြန် ငါဘယ်လိုမှ မအားဘူး သူငယ်ချင်း။ ငါမရှိရင် မဖြစ်တဲ့ အလုပ်တွေ ဆိုပေမယ့် ငါမရှိရင် နောက်လည်း ငါ့ကို မလိုအပ်တော့ဘူး ဖြစ်မယ့် ငါ မစွန့်လွှတ်ရဲတဲ့ အလုပ်တွေပါ။ နောက်တစ်ခုက ငါလာလည်း အခုမှ ဘာမှ မထူးတော့ဘူးလို့ ငါထင်လို့ပါ သူငယ်ချင်း။

တကယ်တော့ ငါတို့ စခင်တာ ဆယ်တန်းအောင်ပြီးမှနော်။ အဲဒီအချိန်က ငါ့ဘဝမှာတော့ အဖြူစင်ဆုံး ပြန်တွေးတိုင်း ဂုဏ်အယူဆုံး အချိန်တွေပဲ။ ပုသိမ်မြို့ရဲ့ လမ်းတွေပေါ်မှာ ငါတို့ ညနေတိုင်း စက်ဘီးစီးခဲ့တာ ငါ ရန်ကုန်ကို ကျောင်းလာတက်တဲ့ အချိန်အထိပဲ။ မင်းက စက်ဘီးကို မြင်းရေးလိုပဲ အမျိုးမျိုး စီးပြခဲ့တာ ငါတို့ အရမ်းအားကျခဲ့တာပေါ့။ တက္ကသိုလ် လမ်းဆုံက ရုပ်တုအောက်မှာ ငါတို့ညတိုင်း ထိုင်ဖြစ်ကြတယ်လေ။ မိုးရွာလို့ စောစောပြန်ရရင်တောင် နိုက်တင်ဂေးလ်မှာ အဝစားပြီး ငြင်းခုံပြီးမှ ပြန်ခဲ့ကြတာပဲ။

ငါတို့ အဖွဲ့က ထူးဆန်းတယ်နော်။ တစ်ဖွဲ့လုံး ကဗျာရေးသလို အကုန်လုံး ကဗျာစာအုပ် ထုတ်ဖူးပေမယ့် အုပ်စုလိုက်တော့ တစ်ခါမှ မထုတ်ဖြစ်ဘူး။ ယုတ်စွ အဆုံး နှစ်ယောက်တွဲပြီးတောင် မထုတ်ဖြစ်ဘူး။ တခြားသူတွေနဲ့သာ တွဲထုတ်ခဲ့ဖူးသာ မဟုတ်လား။ အဲဒီတုန်းက မင်းနဲ့ ဆင်ပေါက်နဲ့ ကဗျာတွေကို ငါ ကြိတ်ပြီး ကြိုက်နေခဲ့တယ်။ ထုတ်မပြောဖြစ်ခဲ့တာကို ခွင့်လွှတ်ပါ သူငယ်ချင်း။

ငါဆေးလိပ်ပြတ်တာလည်း မင်းကျေးဇူးပါပဲကွာ။ ဟိုတလောကလေးတင် အဲဒီအကြောင်းကို လူငယ်တွေရဲ့ ဖြူစင်မှုအနေနဲ့ ငါ ပို့စ်ရေးဖို့ ကြိုးစားနေခဲ့ဘူးတယ်။ မင်းကိုလည်း ထူးထူးခြားခြား သတိရနေမိတယ်ပေါ့ကွာ။ မင်းတော့ မှတ်မိဦးမလား မသိဘူး။ ဆယ်တန်းအောင်စာရင်း မထွက်ခင် မင်းရန်ကုန်က ဆေးလိပ်သူဌေးအိမ်မှာ အလုပ်သွားလုပ်တာ မှတ်မိသေးလား။ ငါတို့က ဆယ်တန်းအောင်ပြီးလို့ ကိုယ့်ဘာသာ ကိုယ် လူကြီး သတ်မှတ်ပြီး အရာရာကို စမ်းသပ်နေချိန်။ အရက်ကို တစ်ခါတစ်လေမှ သောက်ပေမယ့် ဆေးလိပ်ကတော့ အကုန်လုံး လက်ထဲ ညှပ်နေချိန်ပေါ့။ မင်းပြန်လာတော့ မင်းက ဆေးလိပ်မသောက်တော့ဘူးတဲ့။ ဘာလို့လဲ ဆိုတော့ မင်းအလုပ်လုပ်တဲ့ သူဌေး (နိုင်ငံခြားသား) က သူ ကျောင်းထားပေးတဲ့ ကောင်မလေးကို ဘာလိုလို ညာလိုလို မလို့ မင်း စိတ်ဆိုးပြီး ထွက်လာခဲ့တာ။ ဆေးလိပ်လည်း တစ်သက်လုံး ပျက်ပြီတဲ့။ ငါတို့ အားလုံးလည်း မင်းပြောသလို အကုန် စိတ်ဆိုးပြီး ဆေးလိပ်ဖြတ်ကြတာလေ။ ငါလည်း အဲဒီအချိန်ကစပြီး ကိုယ်တိုင် မသောက်သလို သူများသောက်ရင်လည်း နိုင်ငံခြားငွေ ကုန်တယ် ဘာညာ ဆိုပြီး ဆေးလိပ်ပြတ်တရား ဟောဖြစ်တော့တာပဲ။ ကိုယ့်ကိုကိုယ် မျိုးချစ်ရယ်လို့ ဂုဏ်မယူဖြစ်ခဲ့ပေမယ့် ပြန်တွေးကြည့်ရင် လူငယ်ပီပီ မျိုးချစ်တယ်ဆိုတာပြခဲ့တာလို့ပဲ ငါယူဆတာပဲ။ တခြားလူတွေ ပြန်သောက်ရင်သာ ပြန်သောက်မယ်။ ငါမသောက်တော့တာတော့ အခုထိပါ သူငယ်ချင်း။

နိုင်ငံခြားငွေ ကုန်တာချင်း အတူတူ မင်းအရက်တော့ စွဲသွားခဲ့တယ်နော်။ ငါ အပြစ်မတင်ရက်ပါဘူး သူငယ်ချင်း။ ဘဝမှာ ကိုယ် နှစ်သက်လို့ ဒါမှမဟုတ် စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အကျင့်တစ်ခုတော့ လိုတာပဲ။ သာမာန်ကျောင်းစာရေးသား၊ သာမာန်ဘွဲ့ရ မင်းအတွက် ရွေးချယ်စရာ သိပ်မရှိခဲ့လို့ လို့ ငါတွေးပေးနေပါတယ်။ ဒီအချိန်မှာ ငါဘာပဲ ဖြစ်နေနေ ငါ့အရည်အချင်း တစ်ခုတည်းနဲ့ မဟုတ်ပဲ ပတ်ဝန်းကျင် ထောက်ကူလို့ဆိုတာ ငါသိနေပါတယ်။ မင်းမှာ ဒီလို ပတ်ဝန်းကျင်မှ မရှိခဲ့တာ။

ငါ ပုသိမ်ပြန်ရောက်တိုင်း မင်းကို တွေ့ချင်ခဲ့မိတယ်။ ပထမတစ်ခါ အရက်ဖြတ်တာ ဆေးရုံတက်ရတယ် ကြားတော့ ငါပြန်လာချင်ပေမယ့် ငါကြားတဲ့ အချိန်မှာ မင်းက ဆေးရုံက ဆင်းနေပြီး နယ်ကို သွားနေတဲ့ အချိန် ဖြစ်နေပြီ။ မင်း ရုံးစာရေး ဝင်လုပ်နေတယ် ငါကြားသလို မင်းအရက် ပြန်သောက်နေတယ် ဆိုတာလည်း ငါကြားပါတယ် သူငယ်ချင်း။ ဘဝမှာ စွဲလမ်းဖူးတဲ့ အရာတွေက ဖြစ်ရခက်တာကိုး။ ငါတို့ ကိုယ်တိုင်တောင် မကောင်းတဲ့ အကျင့် တစ်ခုနှစ်ခု ရှိနေဆဲပဲ မဟုတ်လား။ ငါနှစ်ဆန်းပိုင်းက ပုသိမ်ရောက်တော့ မင်း ရခိုင်ပြည်နယ်ကို ပြောင်းသွားတယ်လို့ ငါကြားတယ်။ မင်းကို တွေ့ချင်လို့ မင်းပြန်လာရင် ငါ့ဆီ ဆက်သွယ်ဖို့ ဆင်ပေါက်တို့ကို ငါမှာခဲ့သေးတယ်။ အခုတော့ မင်းပြန်လာပြီ။ ဒါပေမယ့် ငါ့ကိုတွေ့ဖို့တော့ မစောင့်နိုင်တော့ဘူးပေါ့။

ဒီနေ့ပဲ TAK ငါ့ဆီ ဖုန်းဆက်တယ်။ ငါမယုံနိုင်သေးဘူး။ စောပါသေးတယ် သူငယ်ချင်းရယ်။ ငါ အမြဲ စိတ်ကူးယဉ်ခဲ့တာ တစ်ခုရှိတယ်။ ငါတစ်နေ့နေ့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ထူထောင်နိုင်ရင် သူငယ်ချင်းတွေ ပြန်စုစည်းပြီး ကြိုးစားကြည့်မယ်လို့။ မဖြစ်နိုင်ဘူးဆိုတာလည်း ငါသိနေခဲ့တယ်။ ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်တဲ့ငါက ဘယ်လို လုပ်ငန်းတစ်ခု ထူထောင်နိုင်မှာလဲ။ ဒါပေမယ့် ငယ်သူငယ်ချင်းတွေဆိုတာ ငါ့ဘဝမှာ အမြဲ အမှတ်ရနေတဲ့ အရာပါကွာ။

သူငယ်ချင်းရေ။ လူတိုင်းသွားရမယ့် ခရီးမှာ မင်းက သွားနှင့်ပြီ။ ငါတို့ ကျန်ခဲ့တဲ့ သူတွေက မင်းကို အမှတ်ရနေမှာပါ။ မင်းဒီဘဝမှာ မြတ်သလား ရှုံးသလား ငါမသိပေမယ့် နောက်ဘဝမှာတော့ ဒီထက်ကောင်းတဲ့ ကံကြမ္မာနဲ့ အသိပညာကို မင်းပိုင်ဆိုင်ပါစေလို့ ငါ ဆုတောင်းနေမှာပါ။ မင်းရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ပေမယ့် မင်းဟာ ငါ့အတွေးထဲက ဒီနေ့ နောက်ဆုံးထွက်သွားမှာ မဟုတ်ဘူးဆိုတာတော့ ငါပြောရဲပါတယ်။ သူငယ်ချင်းဘဝမှာ မင်းကောင်းခဲ့သမျှအတွက် ငါကျေးဇူးတင်သလို ငါမှားခဲ့သမျှအတွက် ခွင့်လွှတ်ပါလို့ ငါ ဒီနေရာကနေ တောင်းပန်ပါရစေ သူငယ်ချင်း။

နေအောင်ကြည် ….. ကောင်းရာ သုဂတိလားပါစေ။

မင်းရဲ့ သူငယ်ချင်းတစ်ယောက်

November-14-08

ဆရာဝန်နှင့် သူ၏လစာ

posted by ဒေါက်တာ ဂျူနီယာ

လစာ = ရှစ်သောင်းကျပ်

ကားခ = တစ်သောင်းနှစ်ထောင်ကျပ်

ဆိုက္ကားခ = တစ်သောင်းရှစ်ထောင်ကျပ်

နေ့လယ်ထမင်းစား = သုံးသောင်းကျပ် (ရက်သုံးဆယ်လ) သုံးသောင်းတစ်ထောင်ကျပ်(သုံးဆယ်တစ်ရက်လ)

ညစာ =သုံးသောင်းကျပ်

တစ်လ အနှုတ်ပြငွေ = တစ်သောင်းကျပ်

သတိ….. နေမကောင်းမဖြစ်ရ။ အဝတ်အစားသစ် မဝယ်ရ။ မင်္ဂလာဆောင်မည့် အပေါင်းအသင်း မရှိရ။ စာအုပ် မဝယ်ရ။ အင်တာနက် မသုံးရ။

အထက်ပါ အချက်များကို ရှောင်ကြဉ်ပါက သင်သည် တစ်လ အကြွေး တစ်သောင်းသာ တင်အံ့။ မလိုက်နာသော် သင်၏လစာသည် လတစ်ဝက် မရောက်မီ ကုန်ဆုံးခြင်းသို့ ရောက်သဖြင့် အကြွေးများစွာ တင်လေသတ္တံ့။

Tags:
November-10-08

ကဗျာ

posted by ဒေါက်တာ ဂျူနီယာ

ကျနော့်မှာ အပြစ်နှစ်ခု ရှိတယ်

ညကို ညလို့ ရေးချင်တာရယ်

ညကို ညလို့ ရေးရမှာ ကြောက်တာရယ်။

အရုဏ်ကိုလည်း ရောက်ချင်လှပြီ

ဒဏ်ရာတွေ ထပ်မနှိပ်စက်ခင်

မြို့လေးကိုလည်း ပြန်မြင်ကောင်းပါရဲ့။

ပျံပျံထွက်သွားသမျှ ပြန်လာတာ မမြင်ရ

ပညာဆိုတာ

ဟိုအဝေးမှာ သင်မှ တဲ့လား။

ဆုတ်ကပ်မှာမှ လူဖြစ်တဲဘဝ

ကမ္ဘာက ကွာကျလာတဲ့ ဒေသတစ်ခုလို

ပုပုကျလာပုံက။

(အခုလည်း) အသက်မရှုဝံ့ပါဘူး

မုသားမုတ်သုံ ရာသီမှာ

တုတ်ကွေး ကူးခံရမှာ ကြောက်တယ်ကွယ်။

Tags:
November-1-08

နေ့တဓူဝ

posted by ဒေါက်တာ ဂျူနီယာ

အချိန်နဲ့ ဒီရေက လူကို မစောင့်သလို ဂျူတီနဲ့ ပိနေတဲ့ ဂျူနီယာကိုလည်း အားလုံးကျော်ခွသွားကြတယ်။ free hosting အနေနဲ့ တင်ထားတဲ့ 000webhost ကတောင် ကျနော့်ကို warning ပေးတယ်ဗျာ။ ကံကောင်းလို့ account လေး အဖျက်မခံရတာ။

medical professional တစ်ယောက်အနေနဲ့ internet ကို အရင်လို အချိန်မပေးနိုင်တော့တာတော့ တကယ်ပါဗျာ။ ဘွဲ့လွန်တက်ဖို့ စာကျက်ဖို့၊ ရောဂါအသစ်လေးတွေ တွေ့ရင် ရှာကြည့်ဖို့၊ မေ့နေတဲ့ ရောဂါတွေ ဆေးဝါးတွေ ပြန်ဖတ်ဖို့၊ အပိုဝင်ငွေ (တကယ်ကတော့ အဓိက ဝင်ငွေ) ရတဲ့ ဆေးခန်း အစားထိုင်ပေးဖို့ .. ဖို့ ပေါင်းများစွာနဲ့ အချိန်နာရီတွေကို ပေးဆပ်နေရတာပါပဲ။

ဆေးရုံဆိုတာလည်း ရီရတယ်နော်။ ဆေးရုံမှာ စည်းကမ်းလိုက်နာဖို့ တိုက်တွန်းနေရတာလည်း အာညောင်းတော့မယ်။ ဒါပေမယ့် မလိုက်နာတဲ့ သူတွေက များတယ်ခင်ဗျ။ အပေါက်ဝက ဝန်ထမ်းကို ပိုက်ဆံပေးဝင်လိုက်ရင် ဟိုတယ်မှာ အခန်းယူပြီးတဲ့သူတွေလို ဆေးရုံမှာ နေကြဖို့ ကြိုးစားကြတာပဲ။ ကျနော့်ထက် သက်တမ်းကြီးတဲ့ လူနာခုတင်ပေါ် မထိုင်ဖို့ ပြောလည်း လစ်တာနဲ့ တက်ပြီးသားပဲ။ မထိုင်ဖို့ ပြောတာ အကြောင်းနှစ်ချက်ရှိတယ်ခင်ဗျ။

တစ်အချက်က … ခွဲစိတ်ပြီးလူနာတွေဆိုရင် တခြားလူတွေ လာထိုင်ရင် သူတို့ဆီက ရောဂါပိုးတွေ လူနာတွေရဲ့ ချုပ်ရိုးတွေဆီ ရောက်ပြီး အနာမကျက်တာ၊ ပြန်ကွဲတာ၊ အဖျားတက်တာတွေ ဖြစ်လို့။

နှစ်အချက်က … ခုတင်ကျိုးမှာ စိုးလို့။ ခုတင်တွေရဲ့ သက်တမ်းက မနည်းဘူးဗျ။ ကြည့်လိုက်ရင် သိသာပါတယ်။ တချို့ဆို ကျိုးပြီးတာတွေ အဆင်ပြေသလို ပြန်ဆက်ထားတာ။ ဒါတွေ ကျိုးသွားရင် အသစ်က ချက်ချင်းရတာ မဟုတ်ဘူး။ အပေါ်တင်ရတာ ထုံးစံအတိုင်း။ ခုတင်တွေ မလောက်ငရင် လူနာတွေ ခုံတန်းပေါ် အိပ်နေရမှာ။ အဲဒါဆို ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူးလေ။

တကယ်တမ်းတော့ ဒါတွေက ဆရာဝန်တွေရဲ့ အလုပ်မဟုတ်ပါဘူး။ အကုန်လိုက်လုပ်နေရတော့ ဆရာဝန်တွေရဲ့ ရောဂါကို အာရုံစိုက်မှု မကျသွားဘူးလား။ အခုတော့ ဒါလည်း ကျနော်တို့ ဆရာဝန်တွေပဲ လိုက်ပြောနေရတယ်။ ဝန်ထမ်းတွေကလည်း အောက်ဆိုက် ရတဲ့ အလုပ်တွေ (လူနာလှည်းတွန်းတာ၊ ခွဲစိတ်ဖို့ လူနာကို သန့်ရှင်းရေးလုပ်ပေးတာ၊ ဆေးရုံဆင်းရင် ပစ္စည်းကူသယ်ပေးတာ စသည်ဖြင့်) ပဲ လုပ်ချင်ကြတော့တယ်။ ဒါမျိုးခိုင်းလို့ကတော့ ဝတ်ကျေတန်းကျေ အော်ပြီးရင် မျက်စိအောက်မှာ မနေတော့ဘူး။ ထပ်ခိုင်းမှာ စိုးလို့။ တာဝန်မကျေလို့ အလုပ်ဖြုတ်တာ၊ အလုပ်ကြိုးစားလို့ ရာထူးလစာ တိုးတာ ဆိုတဲ့ ဆုပေးဒဏ်ပေး စနစ်မရှိမချင်း၊ လစာက ဘဝကို အာမခံချက်ပေးတဲ့ အလုပ်မဖြစ်မချင်း အလုပ်ကို ချစ်မြတ်နိုးစိတ်ဆိုတာ ဖြစ်မလာသလို အလုပ်ကိုလည်း ကျေပွန်အောင် လုပ်ချင်မှာ မဟုတ်ဘူးလေ …

နောက်ဆုံးတော့ ဂျူနီယာတို့ တစ်သိုက်ပဲ .. ကမ္ဘာကျော် လူမိုက် အဖြစ်ခံရတော့မှာလား …..