ဒီနေ့ ဆေးခန်းမှာ လူနာများတယ်။ ဂျူနီယာလည်း ချွေးတွေရွှဲလို့။ မီးမလာတော့ ပန်ကာလေးတွေလည်း အလှပြ ပစ္စည်းတွေလိုပဲ။ ဦးပဇင်းတွေ၊ ကိုရင်တွေ အရင်တင်လိုက်တယ်။ သူတို့ကို အခမဲ့ ကုပေးတာ၊ ကုသိုလ်ပြုတာပေါ့လေ။ သီလရှင်တွေ လည်း အတူတူပဲ။ တခါတလေ သက်ကြီး ရွယ်အိုတွေလည်း အိမ်သူအိမ်သား မရှိဘူး၊ နွမ်းပါးတယ် ဆိုရင် အခမဲ့ပဲ။ ဒါ ဆေးခန်းစထိုင်ကတည်းက။ ကိုယ်က ဗုဒ္ဓဘာသာဝင်လေ။
ဒီလိုနဲ့ လူနာတွေကြည့်ရင်း အသက် ၂၀ ပဲ ရှိသေးတဲ့ လူနာတစ်ယောက် အလှည့် ရောက်လာတယ်။ ဖျားတာက ၃ရက်၊ ဆေး စပ်သောက်နေတယ်၊ ယခင် ကျန်းမာ၊ အခုလောလောဆယ် ကိုယ်လက် ကိုက်ခဲနေတယ်၊ မူးချင်တယ်။ အန်ချင်တယ်။ဆီး၊ ဝမ်း ပုံမှန်။ မတည့်သော ဆေးမရှိ။ သွေးပေါင်ချိန်တိုင်းကြည့်တော့ ၉၀-၆၀။
အိုကေ။ ဓါတ်ဆားရည်သောက်။
အကြောဆေး သွင်းချင်လို့ပါ ဆရာ။
အစားစားနိုင်တယ်မလား။ ဓါတ်ဆားရည်သောက်ရင် ပြန်တက်လာလိမ့်မယ်။
ထိုးပေးပါဆရာရယ်။
အင်းလေ။ ဒါဆိုလည်း ထိုးပေးမယ်။ ဘားပလက်စ် (burplex) တည့်လား။
တည့်တယ် ဆရာ။ အရင်လည်း ထိုးနေကျပဲ။
ဂျူနီယာလည်း 50% ဂလူးကို့စ်ကို ထုံးစံအတိုင်း ဘားပလက်စ် ထိုးဆေးဖြင့် ထိုးပေးသည်။ ပထမ အချက် သွေးကြောပေါက်သွားသည်။ နာလိုက်တာလို့ ညည်းသည်။ နည်းနည်း ဖောင်းသွားသည်။
နောက်အကြောတစ်ကြော ရှာပြီး ထိုးသည်။
အိုကေ … ကဲ အရှေ့မှာ ဆေးယူသွားလိုက်။
ဂျူနီယာ လူနာ ဆက်ကြည့်နေသည်။
ဟာ၊ လဲပြီ ဆရာ။
ခုနက လူနာ ခုံပေါ်က ပြုတ်ကျခြင်းဖြစ်သည်။ ချွေးစေးတွေ ပြန်လို့။ သွေးပေါင်က ထပ်ကျသွားသည်။ 60/ palpable။ စဉ်းစားရပြီ။ ဆေးမတည့်၍ သွေးလန့်ခြင်းလား၊ နာကျင်၍ သွေးလန့်ခြင်းလား။
လုပ်စရာ ရှိတာလည်း ချက်ချင်းလုပ်မှ။ cannula (သွေးကြော ဆေးသွင်းပိုက်) ထည့် normal saline ကို အမြန်သွင်း၊ တဖက်ကလည်း hydrocortisone 100 mg ကို stat dose ထိုးချလိုက်သည်။ အသက်ရှူတာက ပုံမှန်။ သွေးခုန်နှုန်းက တစ်မိနစ်ကို ၉၆။ vital signs (အရေးကြီး လက္ခဏာများ) အကုန်ကောင်းသည်။ သွေးပေါင်ချိန်က ချက်ချင်း ၉၀-၆၀ ကို ပြန်တက်လာသည်။ အိုကေ၊ လူနာကို အနားက ခုတင်တစ်ခုမှာ တင်ထားရင်း ကျန်လူနာတွေ ဆက်ကြည့်ရသည်။ ချိတ်ထားတဲ့ ပုလင်းကုန်သွားတော့လည်း သွေးပေါင်ချိန်က ၁၀၀-၇၀၊ သွေးခုန်နှုန်းက တစ်မိနစ်ကို ၇၂၊ ကျန်တဲ့ လက္ခဏာတွေ ကောင်းတယ်။အခုမှ ဟင်းချနိုင်သည်။
လူနာက ဖျားတာ ၅ရက်မှာ ကော်ဖီနည်းနည်း ပေါင်မုန့်နည်းနည်းက လွဲ၍ ဘာမှ မစားဟုဆိုသည်။ ဆေးစပ်သောက်တော့ တချို့ ဆေးဆိုင်က ပိုးသတ်ဆေး ခပ်ပြင်းပြင်းထည့်ပေးလိုက်ဟန်တူသည်။ လူနာက တော်တော် အားနည်းနေသည်။ ဂျူနီယာကလည်း ပထမ တစ်ချက် ဆေးထိုးစဉ် အကြောပေါက်ပြီး အရေပြားအောက်ရောက်သွားရာ တော်တော်နာသွားသည်။ အဲဒီမှာ pain shock ရသွားခြင်း ဖြစ်သည်။
တခြား မှာစရာရှိတာတွေ ( တစ်ခုခုဖြစ်ရင် ပြန်ပြဖို့၊ အိမ်ရောက်ရင် တစ်ခုခုစားဖို့။ ဆေးသောက်ပြီးရင် အိပ်ရန် စသည်ဖြင့်) မှာပြီး ပြန်လွှတ်လိုက်သည်။ ဂျူနီယာလည်း နွမ်းနယ် ကျန်ခဲ့သည်။ ဆရာဝန်ဖြစ်ရ တယ်မလွယ်ပါလား …….