Subscribe to ဂျူနီယာ မှတ်စုများ
Technorati
del.icio.us

Archive for the ‘Uncategorized’ Category

June-25-09

ကျူရှင်

posted by ဒေါက်တာ ဂျူနီယာ

သားကို ကျူရှင် ထားရအောင် အကို။

ဆိုင်းမဆင့် ဗုံမဆင့် ပြောလာသော မိန်းမဖြစ်သူကို မော့ကြည့်မိသည်။

ဘာလို့လဲ၊ သားက စာမလိုက်နိုင်လို့လား။ သားက ဥာဏ်လဲကောင်းတယ်။ အကိုတို့လည်း စာပြပေးနေတာပဲ။

ဒါပေမယ့် သူကျောင်းမှာ ခဏခဏ အဆူခံရတယ်တဲ့ အကိုရယ်။ တော်ကြာနေ ဆော့လို့၊ တော်ကြာနေ စာအုပ်က ညစ်ပတ်တာပဲ၊ တခါတခါကျတော့ ဘာမှ မဟုတ်ဘဲ ဆရာမက ဆူတယ်တဲ့။ မနေ့က ညီမကို သူပြောတာ အကို့ကို မြင်စေချင်တယ်။ ကလေးက ဝမ်းနည်းနေတတ်ပြီ။ တော်ကြာ ကျောင်းမှာ မပျော်ဘဲ ဖြစ်သွားဦးမယ်။

ဟ၊ အဆူခံရတာ ကျူရှင်မတက်တာနဲ့ ဆိုင်လို့လား။

ဆိုင်တာပေါ့ အကိုရယ်။ ညီမ မနေ့က ဟိုဖက်လမ်းက မသီရိက ပြောနေသေးတယ်။ သူ့သား လည်း အရင်က အဲလိုပဲတဲ့။ ခဏ ခဏ အဆူခံရတာ ကျူရှင်ထားလိုက်တော့ မှ အဆူခံရ သက်သာသွားတော့တာ။ အခုဆို သား သား နေတာပဲတဲ့။

အဲဒါဆို ဘယ်လိုလုပ်ရမလဲ။ ကျူရှင်ခက ဘယ်လောက်လဲ။ ပြီးတော့ မင်းရော အကိုရော အားမှ မအားတာ ကလေးကို ဘယ်သူ ကျူရှင်ပို့မလဲ။

ကျူရှင်ခ ကတစ်လ ငါးထောင်လောက်တော့ ပေးရမယ် ထင်တယ်။ ကျူရှင်က နေ့တိုင်းတက်စရာ မလိုဘူးတဲ့။ အဓိကက ဆရာမဆီ အပ်ပြီး လခ အမြဲ ပေးနေရင် ရပြီတဲ့။ ပို့တာ မပို့တာ က အရေးမကြီးဘူးတဲ့။

ဘယ်လို ခေတ်ကြီးလဲကွာ။ အကိုတို့ ငယ်ငယ်တုန်းကဆို ခုနှစ်တန်း အင်္ဂလိပ်ဆရာ ဦးကျော်မြင့်ဆို စနေ တနင်္ဂနွေ အချိန်ပို ခေါ်သင်တာ တပြားမှ မပေးရဘူး။ အခုခေတ်ကျမှ …

အကိုရယ် သူတို့လည်း လခ မလောက်လို့ နေမှာပေါ့။

အော်၊ မင်းတို့ အကိုတို့ရော လောက်နေလို့လား။ မတတ်နိုင်လို့ နွေရာသီသင်တန်းတွေ ဘာတွေတောင် ကလေး ကို ပို့နိုင်တာမဟုတ်ဘူး။ သူ့ရှေ့ရေးတော့ ရင်လေးပါတယ် ကွာ။ ကဲ ထားသာ ထားလိုက်။ မင်းပဲ သွားအပ်ပေးလိုက်နော်။ ဖြစ်တယ်မလား။ အကို့ ကို ဒီနေ့ကစပြီး မနက် လက်ဘက်ရည် ဝယ်မလာနဲ့တော့။ နည်းနည်းတော့ ပို အသုံး စိစစ်ရတော့မယ် ထင်တယ်။ ဘယ်တတ်နိုင်မလဲလေ။

Tags:
December-7-08

ဒီဇင်ဘာ

posted by ဒေါက်တာ ဂျူနီယာ

တကယ်တော့ ဒီဇင်ဘာ ဆိုတာ နှစ်တစ်နှစ်ရဲ့ လတစ်လမျှသာ ဖြစ်သည်။ သို့သော် ဒီဇင်ဘာ ကို ကျနော် တခြားလတွေထက် ပိုချစ်လေသည်။ ပထမဆုံး အချက်ကတော့ ကျနော့် မွေးလ ဖြစ်သောကြောင့် ဖြစ်သည်။ မွေးနေ့ကို ကျင်းပဖြစ်သည် ဖြစ်စေ မကျင်းပဖြစ်သည် ဖြစ်စေ၊ မနက်စောစော ဘုရားသွား ရခြင်းကို မပျက်ကွက်အောင် ကြိုးစားခဲ့သည်။ နှင်းတွေ (တချို့ကတော့ မြူတွေလို့ ပြောကြသည်) ဝေနေအောင် ကျနေလို့ကတော့ အဲဒီနေ့မှာ နေထွက်လို့ နှင်းကွဲသည်အထိ လမ်းလျှောက်နေမိသည်။ ခေါင်းမှာ နှင်းတွေနဲ့ စိုနေတာ၊ အသက်ရှု ထုတ်လိုက်တိုင်း အငွေ့တွေ ထွက်သွားတာ သဘောကျမိသည်။ ဘုရားက ပြန်အလာ လမ်းမှာ ဘယ်သူ အရင်ဆုံး Birthday wish လုပ်မလဲ ဆိုတာ မျှော်မိသည်။ အမြဲတမ်း အစောဆုံးလုပ်တတ်တာတော့ သူငယ်ချင်း ချောစု ဖြစ်တတ်လေသည်။ (သူ့မွေးနေ့ဆိုရင်တော့ အမြဲတမ်း သုံးရက်နောက်ကျပြီးမှ ဖုန်းဆက်ဖြစ်လေသည်။ သူက ဂျူလိုင် ၁၆ ဆိုတော့ အာဇာနည်နေ့ကျမှ သူ့မွေးနေ့ ကျော်လာမှန်း သတိရ၍ ဖြစ်သည်။)

ဒုတိယ အချက်ကတော့ အေး၍ ဖြစ်သည်။ အဲယားကွန်းဆိုတာနဲ့ တစ်ခါမှ မအိပ်ဖူးသူ၊ အမြဲတမ်း စောင်ခြုံမှ အိပ်တတ်သူ ဖြစ်ရာ ဆောင်းရာသီသည် အိပ်ရာထဲတွင် ဇိမ်အကျဆုံး ဖြစ်သည်။

တတိယအချက်ကတော့ ရုံးပိတ်ရက်အများဆုံးလ (ဧပြီလမှလွဲ၍) ဖြစ်ရာ ကျောင်းသားဘဝရော ဝန်ထမ်းဘဝတွင်ပါ မကြိုက်စရာ ဘာရှိသနည်း။ အဲ .. ပိတ်ရက် ဂျူတီကျရင်တော့ ပျင်းဖို့ကောင်းလေသည်။ ဆေးရုံတွင်တော့ ၃၁ ရက် ဂျူတီကို အမြဲ မဲနှိုက် ရွေးရလေ့ရှိသည်။ လူတိုင်းက သူ့အစီအစဉ်နဲ့သူကိုး။

ဒီနှစ် ဒီဇင်ဘာကတော့ နည်းနည်း ပျင်းဖို့ကောင်းမည် ဖြစ်သည်။ ၂၀ ရက်ဆိုလျှင် ဗဟို ဝန်ထမ်းတက္ကသိုလ် သွားတက်ရတော့မည် ဖြစ်သောကြောင့်။ ဘလော့ဂ်ရေးတာလည်း ခဏတော့ နားရပေဦးမည်။

Tags:
November-27-08

ရှုံ့ချခြင်း

posted by ဒေါက်တာ ဂျူနီယာ

အပြစ်မဲ့ သူများအပေါ် သေကြေ ထိခိုက် ဒဏ်ရာ ရစေသော အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်သူ အားလုံးအား ပြင်းထန်စွာ ရှုံ့ချပါ၏။

I strongly condemned the terrorism in india and all over the world which cause innocent people death and injuries.

Tags:
November-25-08

ဆေးမင်ကြောင်

posted by ဒေါက်တာ ဂျူနီယာ

ကျန်းမာရေး ပညာပေးတွေ လိုတော့ လိုနေသေးတယ်။

Ward round ရင်း စကားစလိုက်သော ဆရာကြီး စကားကြောင့် အားလုံး နားစွင့်လာကြသည်။ လက်ဖဝါးတွင် မောင် ဟု ဆေးမင်ကြောင် ထိုးထားသော လူနာအမျိုးသမီးငယ်ကလည်း ဇဝေဇဝါဖြင့် ကြည့်နေသည်။ ဆရာကြီးက စကားမဆက်ပဲ လူနာကို ဆက်ပြီး စမ်းသပ်နေသည်။ ဓါတ်မှန်ကို ထောင်ကြည့်သည်။ ပေးထားသော ဆေးများကို ပြန်သုံးသပ်ပြန်သည်။ အာလုံးကတော့ စကားကို လိုအပ်သလို ထိထိမိမိ ပြောတတ်သော ဆရာကြိး ဘာစကားဆက်မလဲဟု စိတ်ဝင်စားနေကြသည်။

သက်သာလား၊ သမီး။

သက်သာပါတယ်၊ ဆရာ။

သမီးလက်က ဆေးမင်ကြောင်က ထိုးတာတာ ကြာပြီလား။

အမျိုးသမီးငယ် မျက်နှာ အနည်းငယ် ရှက်သွေးလွှမ်းသွားသည်။ ၄ နှစ်လောက်ရှိပါပြီ၊ ဆရာကြီး။ တောင်ပြုန်းပွဲ သွားရင်း မန္တလေးသွားရင်း ထိုးခဲ့တာပါ။

သမီး အမျိုးသားရော။

မနှစ်ကတည်းက ဆုံးသွားပါပြီ။ လေးနှစ်ကျော်ပဲ ပေါင်းလိုက်ရပါတယ်။ ဒီရောဂါနဲ့ပဲ ဆုံးသွားတာပါ။

(လူနာအမျိုးသမီး၏ ရောဂါနေရာတွင် HIV infection ဟု ရေးထားသည်)

သြော်၊ ဘယ်မှာနေတာလဲ။

ရန်ကုန်မှာပါပဲ ဆရာကြီး၊ ….. မြို့နယ်မှာပါ။

ဆရာကြီးက စကားမဆက်ပဲ လူနာ ဆက်လက် ကြည့်ရှုသည်။ ဆရာဝန်၊ သူနာပြု အခန်းရောက်တော့ သူနာပြုဆရာမကြီးက မနေနိုင်တော့။

ဆရာကြီး ဆက်ပြောလေ။ လက်မှာ ဆေးမင်ကြောင်ထိုးတာနဲ့ ကျန်းမာရေး ပညာပေးလိုတာနဲ့။

စဉ်းစားကြည့်လေ။ လွန်ခဲ့တဲ့ လေးနှစ်ဆိုတော့ သူ့မှာ ဒီပိုး စရှိမရှိ မသိနိုင်သေးဘူးလေ။ တကယ်ပဲ ဆေးမင်ကြောင်ထိုးလို့ ကူးတာလား။ ဒါမှမဟုတ် အဲဒီအချိန်ကပဲ သူ့မှာ ရှိနေပြီလား။ ဆေးမင်ကြောင်ထိုးတဲ့လူတွေက ဘယ်လောက်များမလဲ။ ကူးနိုင်တာကို စဉ်းစား ကြည့်တာပါ။

ဒါမှမဟုတ်ရင် နောက်မှပဲ ကူးတာလား။ ဒါကတော့ ဘယ်လိုမှ မသိနိုင်ဘူးလေ။ သူ့အမျိုးသားက မနှစ်က ဆုံးတယ်ဆိုတော့ ရှိခဲ့တာ ကြာနေပြီ ဆိုတာ ဖြစ်နိုင်တာပဲ။ ဒီထက် ပိုကူးနိုင်တာက အသည်းရောင်အသားဝါ ဘီ ရောဂါပိုးပဲ။ တစ်နှစ်တစ်နှစ် ဆေးမင်ကြောင် ထိုးတာကနေ HIV, အသည်းရောင်အသားဝါ ဘီ နဲ့ စီ ကူးတာ ဘယ်နှစ်ယောက်ရှိနိုင်မလဲ စဉ်းစားကြည့်ပေါ။ ဒီက ဆေးမင်ကြောင်အပ်တွေကို တစ်ခါသုံအပ် ဒါမှမဟုတ် သေချာ ပိုးသတ်ထားတဲ့ အပ်တွေ သုံးတဲ့ ဆိုင်တွေမှာပဲ ဆေးမင်ကြောင်ထိုးကြဖို့ အသိပေးတာ ပိုလုပ်သင့်တာပေါ့။

ဆရာကြီး ဆေးမင်ကြောင်ထိုးတာ ပွဲဈေးတန်းတွေမှာ အများဆုံးထိုးကြတာဆိုတော့ ပွဲဈေးတန်း ကြီးကြပ်တဲ့သူတွေကို တာဝန် ပေးလိုက်ပေါ့ ဆရာကြီး။

ဝင်ပြောလိုက်သော လက်ထောက်ဆရာဝန် ဂျူနီယာ စကားကြောင့် ဆရာကြီး ပြုံးလိုက်သည်။

အေး၊ အဲဒါကိုတော့ မင်းကိုပဲ တာဝန်ပေးရမယ်။ ပွဲရှိရင် မင်းကို ကြီးကြပ်သူစာရင်းထဲ ထည့်ပေးဖို့ TMO ( မြို့နယ် ဆရာဝန်ကြီး) ကို ငါ ပြောပေးမယ်။

………………………………………………………………………………………………………………………………………………………..

Tags:
September-9-08

ညီတော်မောင်များသို့

posted by ဒေါက်တာ ဂျူနီယာ

ဟောက်စ်ဆာဂျင်တွေ ရိုးကော(roll call) ခေါ်မယ်ဟေ့။

ပတ်ဝန်းကျင်သည် တမုဟုတ်ချင်း ပြောင်းလဲသွားသည်။ အခုလေးတင် လူသူကင်းမဲ့နေသော စတေရှင်(station) (ဘူတာရုံ မဟုတ်ပါ။ တာဝန်ကျ ဆရာဝန် ဆရာမများ ထိုင်ရာနေရာ ဖြစ်သည်။) သည် အလုပ်သင် ဆရာဝန် ညီငယ်၊ ညီမငယ်များဖြင့် ပြည့်သွားသည်။ ပြည့်မှာပေါ့။ သူတို့ အဆောင်တစ်ခုမှာ တာဝန်ကျက ၄၀ နီးပါးရှိသည်။

ရိုးကောလ် ခေါ်မှ ပြည့်တယ်ဆိုတော့ ကျန်တဲ့ အချိန်ရော။ အများစုသည် နားနေဆောင် အခန်းထဲတွင် နေနေကြခြင်း ဖြစ်သည်။ အချို့လည်း စာဖတ်၊ တချို့လည်း စကားစမြည်ပြော၊ တချို့လည်း လဲလျောင်း အနားယူကြသည်။

ကျနော့်ကို စကားများသည်ဟု သူတို့က ဆိုကြသည်။ အလုပ်ပြီး၍ အခန်းထဲမှာ အနားယူတာ အပြစ်လားဟု ပြောကြသည်။ ordinary ဖြစ်၍ changes (နေ့စဉ် ပြောင်းလဲမှုများ) ဆောင်ရွက်ပြီးလျှင် သူတို့ အလုပ်ပြီးပြီဟု ထင်ကြသည်။ ဆရာ လုပ်တာ၊ အပြစ် သက်သက် ရှာတာဟု စွပ်စွဲကြသည်။

…………………………

ကျနော် အလုပ်သင်ဆရာဝန်ဘဝက အဆောင် တစ်ခုလျှင် ၉ ယောက် ၁၀ ယောက်သာ ဆင်းရလေ့ရှိသည်။ ordinary သမားက ၂၄နာရီ တာဝန်ကျသူများကို မနက် ရှစ်နာရီမှ ညနေ လေးနာရီ အတွင်း ကူညီကြသည်။ ဒါ ဂျူတီသမား တာဝန်ဟူ၍ တွက်ကပ်သူမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။

ကျနော်တို့ အလုပ်သင်ဆရာဝန် ဘဝမှာ ပညာရပ် တစ်ခုစီတွင် သုံးလသာ အချိန်ရသည် ဖြစ်ရာ ရောဂါများ၊ ပညာများ မတွေ့လိုက်ရ မတတ်လိုက်ရမှာ အလွန်စိုးရိမ်လေသည်။ ထို့ကြောင့် နေ့ခင်းဘက်ဆိုလျှင် အသစ်တက်လာသော လူနာများကို ဝိုင်း စမ်းသပ်လေ့ရှိသည်။ များသောအားဖြင့် changes များလုပ်ပြီးချိန်များသည် ကြိုးချည်ကျင့်ချိန်၊ စာ အငြင်းအခုန်လုပ်ချိန် များပင် ဖြစ်သည်။ ခွဲစိတ်ခန်း ဝင်ရလျှင်လည်း လက်ထောက်အဖြစ် ဝင်ရသည် ဖြစ်စေ၊ မဝင်ရသည် ဖြစ်စေ မပျက်မကွက် ဝင်ကြည့်ကြသည်။ မသိတာရှိလျှင် အချင်းချင်းမေး၊ အကြီးများကို မေးဖြင့် လေ့လာရသည်။ ဒါတောင်မှ ထိုသုံးလအတွင်း ရောဂါပေါင်းစုံ ကို မမြင်ဖူး၊ မကုဖူးနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။

အလုပ်သင်ဆရာဝန်ဘဝသည် သင်ယူဆဲကာလ ဖြစ်သည်။ ထိုအချိန်တွင် မသိမတတ်ဟုသော အခြေအနေကို အကြီးများက နားလည်၍ ရှင်းပြလေ့ ရှိကြသည်။ အလုပ်ဝင်၍ လက်ထောက်ဆရာဝန်ဖြစ်လျှင် မည်သူမျှ ထိုကဲ့သို့ ရှင်းပြတော့မည် မဟုတ်ပါ။ အခြေခံ သဘော တရားများကို နားလည်ပြီးပြီ ဟုယူဆကာ တာဝန်ချထားတော့မည် ဖြစ်သည်။

ကျနော်တို့ ပိုတော်သည်၊ ပိုကြိုးစားသည် ဟု ဂုဏ်ယူနေခြင်း မဟုတ်ပါ။ ယိုယွင်းလာသည် ထင်သော အခြေအနေတစ်ခုကို သတိထားမိနေခြင်းသာ ဖြစ်သည်။ ကျနော်တို့သည် ဆရာဝန်များဖြစ်သည်။ ကျနော်တို့ လက်ထဲတွင် သူတစ်ပါးတို့၏ အသက်များ ရှိနေသည်။ ထို့ကြောင့် ကျနော်တို့သည် ကြီးလေးသော တာဝန်များကို ထမ်းနေရခြင်း ဖြစ်သည်။ ထိုက်တန်သော ရလာဒ် ရသည် ဖြစ်စေ မရသည် ဖြစ်စေ ကျနော်တို့ကို ယုံကြည်၍ အပ်ထားသော လူများအတွက် ကျနော်တို့ သည် ထိုက်တန်ကြောင်း ပြရပေလိမ့်မည်။ ထို့အတွက် ကျနော့် ညီငယ်၊ ညီမငယ်များသည် ကိုယ့်အလုပ်ကို ဂုဏ်ယူ၍ အလေးထားသော အလုပ်သင်ဆရာဝန်များ ဖြစ်ကြောင်း သက်သေပြကြလိမ့်မည်ဟု ကျနော် မျှော်လင့်နေပါသည်။