Subscribe to ဂျူနီယာ မှတ်စုများ
Technorati
del.icio.us
June-25-09

ကျူရှင်

posted by ဒေါက်တာ ဂျူနီယာ

သားကို ကျူရှင် ထားရအောင် အကို။

ဆိုင်းမဆင့် ဗုံမဆင့် ပြောလာသော မိန်းမဖြစ်သူကို မော့ကြည့်မိသည်။

ဘာလို့လဲ၊ သားက စာမလိုက်နိုင်လို့လား။ သားက ဥာဏ်လဲကောင်းတယ်။ အကိုတို့လည်း စာပြပေးနေတာပဲ။

ဒါပေမယ့် သူကျောင်းမှာ ခဏခဏ အဆူခံရတယ်တဲ့ အကိုရယ်။ တော်ကြာနေ ဆော့လို့၊ တော်ကြာနေ စာအုပ်က ညစ်ပတ်တာပဲ၊ တခါတခါကျတော့ ဘာမှ မဟုတ်ဘဲ ဆရာမက ဆူတယ်တဲ့။ မနေ့က ညီမကို သူပြောတာ အကို့ကို မြင်စေချင်တယ်။ ကလေးက ဝမ်းနည်းနေတတ်ပြီ။ တော်ကြာ ကျောင်းမှာ မပျော်ဘဲ ဖြစ်သွားဦးမယ်။

ဟ၊ အဆူခံရတာ ကျူရှင်မတက်တာနဲ့ ဆိုင်လို့လား။

ဆိုင်တာပေါ့ အကိုရယ်။ ညီမ မနေ့က ဟိုဖက်လမ်းက မသီရိက ပြောနေသေးတယ်။ သူ့သား လည်း အရင်က အဲလိုပဲတဲ့။ ခဏ ခဏ အဆူခံရတာ ကျူရှင်ထားလိုက်တော့ မှ အဆူခံရ သက်သာသွားတော့တာ။ အခုဆို သား သား နေတာပဲတဲ့။

အဲဒါဆို ဘယ်လိုလုပ်ရမလဲ။ ကျူရှင်ခက ဘယ်လောက်လဲ။ ပြီးတော့ မင်းရော အကိုရော အားမှ မအားတာ ကလေးကို ဘယ်သူ ကျူရှင်ပို့မလဲ။

ကျူရှင်ခ ကတစ်လ ငါးထောင်လောက်တော့ ပေးရမယ် ထင်တယ်။ ကျူရှင်က နေ့တိုင်းတက်စရာ မလိုဘူးတဲ့။ အဓိကက ဆရာမဆီ အပ်ပြီး လခ အမြဲ ပေးနေရင် ရပြီတဲ့။ ပို့တာ မပို့တာ က အရေးမကြီးဘူးတဲ့။

ဘယ်လို ခေတ်ကြီးလဲကွာ။ အကိုတို့ ငယ်ငယ်တုန်းကဆို ခုနှစ်တန်း အင်္ဂလိပ်ဆရာ ဦးကျော်မြင့်ဆို စနေ တနင်္ဂနွေ အချိန်ပို ခေါ်သင်တာ တပြားမှ မပေးရဘူး။ အခုခေတ်ကျမှ …

အကိုရယ် သူတို့လည်း လခ မလောက်လို့ နေမှာပေါ့။

အော်၊ မင်းတို့ အကိုတို့ရော လောက်နေလို့လား။ မတတ်နိုင်လို့ နွေရာသီသင်တန်းတွေ ဘာတွေတောင် ကလေး ကို ပို့နိုင်တာမဟုတ်ဘူး။ သူ့ရှေ့ရေးတော့ ရင်လေးပါတယ် ကွာ။ ကဲ ထားသာ ထားလိုက်။ မင်းပဲ သွားအပ်ပေးလိုက်နော်။ ဖြစ်တယ်မလား။ အကို့ ကို ဒီနေ့ကစပြီး မနက် လက်ဘက်ရည် ဝယ်မလာနဲ့တော့။ နည်းနည်းတော့ ပို အသုံး စိစစ်ရတော့မယ် ထင်တယ်။ ဘယ်တတ်နိုင်မလဲလေ။

Tags:
May-20-09

ဘွဲ့လွန်

posted by ဒေါက်တာ ဂျူနီယာ

ဘွဲ့လွန်ဖြေခွင့် လျှောက်လွှာတွေ စခေါ်နေတာ ဒီနေ့သတင်းစာမှာ ဖတ်ရတယ်။ ဇူလိုင် ၃၀ ရက်နေ့ လျှောက်လွှာ ပိတ်မယ်။ စက်တင်ဘာ ၄ ရက်နေ့ ဖြေရမယ်။ ဖောင်ကြီး တက်ပြီးသား ဖြစ်ရမယ်။ Clinical ဘာသာရပ်တွေ အတွက် (စိတ်ပညာဘာသာရပ်မှ လွဲ၍) လုပ်သက် ၂ နှစ်ရှိရမယ်။ စိတ်ပညာကတော့ လုပ်သက် တစ်နှစ်ဆို ရတယ်။ တခြား basic science ဘာသာရပ်တွေကိုတော့ လုပ်သက် မကန့်သတ်ထားဘူး။

အသက် ၅၀ ထက် မကြီးရဘူး။

ဆေးပညာရယ်၊ ခန္ဓာဗေဒရယ်၊ ဇီဝဓါတုဗေဒရယ်၊ ရောဂါဗေဒရယ် မကွေးမှာ စဖွင့်တာတွေ့ရတယ်။

စာကျက်ပြီးသားလူတွေ ဖြေဖို့ ပြင်ကြပေတော့။

Tags:
May-8-09

မင်းခယောက်ျား

posted by ဒေါက်တာ ဂျူနီယာ

ပျော်ရာမှာ မနေ … တော်ရာမှာ နေရတဲ့ မင်းခယောက်ျား … ကိုယ်ရယ်ပါ .. ကိုယ်ရယ်ပါ  ……….

ဒီသီချင်းလေး ကို ငယ်ငယ်လေးထဲက ကြားဖူးတယ်။ သိပ်အကြိုက်ကြီး မဟုတ်ဘူး။ ဒါပေမယ့် အခုတလောတော့ ဒီသီချင်းပဲ ညည်းချင်နေတယ်။

ဂျူနီယာ စာမရေးဖြစ်တာလည်း ကြာလှပေါ့။ သင်တန်းက ပြန်ရောက်တာ အခုဆို တစ်လကျော်သွားပြီ။ တစ်ခါမှ ဘလော့ကို မရေးဖြစ်သလို သူများ ဘလော့တွေတောင် ဝင်မကြည့်ဖြစ်ဘူး။ ကွန်နက်ရှင် မကောင်းတာလည်း ပါတာပေါ့။ လျှပ်စစ်မီးဆိုတာကတော့ ရန်ဖြစ်ထားတဲ့ အတိုင်းပဲ။ သူလာရင် ကိုယ်မအား။ ကိုယ်အားရင် သူမလာ။

ပို့စ် မရေးဖြစ်တဲ့ အကြောင်းထဲမှာ ဘာရေးရမလဲဆိုတာ မသိတာလည်း ပါတယ်။ ဆေးရုံက sister ဆရာမ တစ်ယောက် ပြောဖူးတယ်။ “All the truth are not to be told” တဲ့။ အခုတလော ခံစားချက်တွေက ရင်ဖွင့်လို့ မကောင်းတဲ့ အကြောင်းအရာတွေ များတယ်။ ရေလိုက်ငါးလိုက် ဒါမှမဟုတ် အများလိုပဲ မိုးခါးရေသောက် ဒီလိုပဲ နေနေရတော့ ဦးနှောက်တွေလည်း မသွက်တော့ဘူး။

ဒီလဆိုရင် ဂျူနီယာတို့ posting ပြောင်းကြရပြီ။ တချို့တလေလည်း ခပ်ဝေးဝေး။ တချို့လည်း ခပ်နီးနီး။ လူတစ်စုကျတော့ ရန်ကုန်မြို့ တစ်ဝိုက်မှာ။ ဒီနေရာမှ ဘာတွေ့ရသလဲ ဆိုတော့ အဲဒီလူစုမှာ ဆင်တူတာလေးတွေ ရှိတာတွေ့ရတယ်။ ဘာတွေ ဆင်တူသလဲ ဆိုတော့ ဘဝပေးကောင်းတာပေါ့ဗျာ။ ဘယ်လို ဘဝပေးကောင်းလဲ ဆိုတာတော့ မမေးနဲ့။ ဒီခေတ်ကြီးမှာ ဘဝပေးကောင်းတာ ဘာရှိသလဲ။

လူတစ်ယောက်ကို အလုပ်ကြိုးစားစေချင်တယ်ဆိုရင် စည်းကမ်းချည်းပဲ တင်းကျပ်နေလို့ မရနိုင်ဘူး။ ဆုလာဒ်လေးတွေလည်း ပေးရတယ်။ အဲဒါမှ အဲဒီလူရဲ့ ကြိုးစားချင်စိတ်ကို မြင့်တင်ပေးရာ ရောက်တယ်။ ဆုပေး ဒဏ်ပေး။ ဘိုလို ဆိုရင်တော့ “Carrots and Stick” ပေါ့။ ဒါကို စီမံခန့်ခွဲမှု ပညာရပ်မှာရော ဆေးပညာမှာရော ပါဝင်တဲ့ Behavioral Science မှာ သေချာရှင်းပြထားတယ်။ ဆုတော့ ပေးစရာ မရှိဘူး။ တစ်ခုခု မမှားနဲ့၊ ပြန်မပြောနဲ့၊ အဆင်မပြေ မဖြစ်နဲ့ သေချာတယ် အပြစ်ပေးခံရမယ် ဆိုလို့ကတော့ အပြစ်မဖြစ်အောင်ပဲ နေကြတော့မှာပဲ။ ကြိုးစားမှုမှာ အနည်းနဲ့ အများတော့ ထိခိုက်လာနိုင်တယ်။

လူတိုင်းမှာ မာနဆိုတာ ရှိသင့်သလောက် ရှိသင့်တယ်။ ဒါမှ ကြိုးစားမှု ဆိုတာ ဖြစ်လာမှာ။ ကိုယ်ကတော်လို့ မဟုတ်ဘဲ အခွင့်အရေးတစ်ခုခု ရှိလို့ သူများ အပေါ်မှာ ရောက်နေတယ် ဆိုရင် ဘယ်လောက် ရှက်ဖို့ ကောင်းမလဲ။ ဒါပေမယ့် မရှက်ကြပါဘူး။ ဒါတွေကိုပဲ အလုအယက် မက်မောနေကြတာ မဟုတ်လား။ ကိုယ်ကျင့်ကို ဖက်တွယ်ပြီး သူတို့လို အခွင့်အရေး မယူတဲ့ လူတွေတောင် ငတုံးလို့ မြင်တတ်ကြတယ်။ ဒီလိုလူတွေများလာရင် အဲဒီ အလုပ်က တိုးတက်မှု ရှိပါဦးမလား။

တွေးကြည့်တာပါ။ ဘယ်သူကိုမှ မရည်ရွယ်ဘူး။ ထိခိုက်မှု ရှိရင် ခွင့်လွှတ်ပါ။ ဂျူနီယာလည်း တော်တော် ညံ့သေးတယ်။ ညံ့တော့ တော်တဲ့သူတွေကို ဘေးထိုင် ဘုပြောကြည့်တာပေါ့။ မကောင်းဘူး။ ဒီအကျင့်က မကောင်းဘူး။ ပြင်မှ။

ဒီလလယ်ဆို ဂျူနီယာလည်း တောင်ခြေ မြို့လေးတစ်မြို့မှာ သဘာဝနဲ့ အလွန်နီးကပ်စွာ (ရုပ်ဝတ္တု ပစ္စည်းများနှင့် ဝေးကွာစွာ) သွားရောက် နေထိုင်ရဦးမည်။

Tags:
March-7-09

သင်တန်းတက်ခြင်း

posted by ဒေါက်တာ ဂျူနီယာ

ဘာလိုလိုနဲ့ ၁၄ ပတ်ဆိုတဲ့ အချိန်ဟာ ကုန်ခါနီးပါပြီ။ ၄ ပတ်ပဲ ကျန်တော့မယ်။ အဲဒီအခါကျရင် အင်တာနက်ကို အရင်လို ပြန်သုံးနိုင်ပြီပေါ့။ မီးလာရင် ပြီးတော့ connection ကောင်းရင်ပေါ့လေ။

၁၀ ပတ်ကုန်သွားတဲ့ အချိန်နောက်မှာ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်တယ်။ ဘာတွေ အကျိုးရှိလာသလဲ လို့။

ကိုယ်အလေးချိန် ကျသွားပါတယ်။ ၁၀ ပေါင်ကျော်ကျသွားတာပါ။ ပြီးခဲတဲ့ နှစ်ဆန်းပိုင်းလောက်က စဝလာလိုက်တာ သင်တန်းမတက်မီ အထိ ကျနော် ၁၃၁ ပေါင်အထိ ရောက်သွားပါတယ်။ အခု ၁၂၀ လောက်ပဲ ရှိပါတော့တယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်၊ အချိန်မှန် လမ်းလျှောက်ရတာတွေရဲ့ အကျိုးကျေးဇူးပေါ့။ အစားအစာ စားမကောင်းလို့ မစားနိုင်တာလည်း ပါပါတယ်။

စာကျက်ဖို့ အစပျိုးဖြစ်ပါတယ်။ အဆောင်က hall type ဆိုတော့ စာကျက်ရတာ အာရုံ စူးစိုက်မှု မရပေမယ့် နည်းနည်းတော့ ကျက်ဖြစ်ပါတယ်။ စက်တင်ဘာ မှာ ဖြေရမှာ ဆိုတော့ နည်းနည်း မြန်မြန် ဖတ်ဖို့တော့ လိုတာပေါ့လေ။

လူတွေနဲ့ ပိုဆက်ဆံဖြစ်ပါတယ်။ အရင်က လူနာရယ် ဆရာဝန်ရယ် အလုပ်သမားရယ် မိသားစုရယ် သူငယ်ချင်းတွေရယ် ဒါတွေနဲ့ပဲ တွေ့ထိ ဆက်ဆံနေတာကနေ အခုတော့ နေရာအနှံ့က အရာရှိအမျိုးမျိုးနဲ့ ဆက်ဆံရတာပေါ့လေ။ နည်းနည်း အခက်အခဲ ရှိပေမယ့် မဆိုးပါဘူး။

Presentation skill တက်လာပါတယ်။ Discussion တွေမှာ ရှေ့ထွက်ပြီး များများပြောဖြစ်တယ်။ ဘယ်လို ပြောရင် ဆွဲဆောင်မှု ရှိလဲ။ ဘယ်လို ပြင်ဆင်ရမလဲ စသည်ဖြင့် အရင်ထက်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုလာပါတယ်။

အနားရပါတယ်။ အလုပ်ကနေ ခဏ အနားရပါတယ်။ စိတ်လွတ်ကိုယ်လွတ် မဟုတ်ပေမယ့် အလုပ်မှာ ရှိတဲ့ စိတ်ဖိစီးမှုတော့ နည်းနည်း လျော့သွားတယ်။

ပိုတွေးဖြစ်ပါတယ်။ အနာဂတ်အတွက် ဘဝအတွက် ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ပေးချင်တာ ကိုယ်ယုံကြည်တာတွေကို မျှတအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပိုနားလည်လာတယ်။ အရင်လို တဇွတ်ထိုး လုပ်ချင်ရာလုပ် ပြောချင်ရာပြောလို့ မရဘူးဆိုတာ ပို နားလည်လာပါပြီ။

ကျနော့ Consultant က ပြောဖူးတယ်။ “Life depends on your perspectives” တဲ့။ အရင်က နားမလည်ခဲ့ဘူး။ အခုတော့ နားလည်သွားပြီ။ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ်အနေနဲ့ အကျိုးရှိမယ့် အရာကို အချိန်သုံးတတ်ဖို့ပဲ လိုတယ်။

Tags:
January-16-09

သင်တန်းတက်နေခြင်း

posted by ဒေါက်တာ ဂျူနီယာ

ဒေါက်တာ ဂျူနီယာ တစ်ယောက် မတက်မဖြစ် သင်တန်းတစ်ခုကို အင်တာနက် မရသော နေရာတွင် ကြိုးစားပန်းစား တက်နေပါသည်။ ထို့ကြောင့် လစ်ဟာမှုများ ရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အတတ်နိုင်ဆုံးတော့ အားလပ်ချိန်တွေမှာ ရေးစရာတွေ စဉ်းစားနေပါသည်။ အကြောင်း မတိုက်ဆိုင်သေး၍ မရေးဖြစ်သည်ကို ခွင့်လွှတ်ပေးကြပါရန်။

Tags:
December-9-08

စိတ်ကူး နဲ့ လက်တွေ့

posted by ဒေါက်တာ ဂျူနီယာ

အစာများများ စားပါ
ဟုတ်ကဲ့
ဒီဆေး မှန်မှန်သောက်ပါ
ဟုတ်ကဲ့
သွေးလေးစစ်ကြည့်ပါဦး
ဟုတ်ကဲ့
အနားလည်း ယူဦးနော်
ဟုတ်ကဲ့
ဆေးခန်းက အထွက်မှာ
ကွမ်းယာဆိုင်ကိုပဲ
အားကိုးစရာလို့
ပုံအပ်လိုက်ရတယ်။

Tags:
December-7-08

ဒီဇင်ဘာ

posted by ဒေါက်တာ ဂျူနီယာ

တကယ်တော့ ဒီဇင်ဘာ ဆိုတာ နှစ်တစ်နှစ်ရဲ့ လတစ်လမျှသာ ဖြစ်သည်။ သို့သော် ဒီဇင်ဘာ ကို ကျနော် တခြားလတွေထက် ပိုချစ်လေသည်။ ပထမဆုံး အချက်ကတော့ ကျနော့် မွေးလ ဖြစ်သောကြောင့် ဖြစ်သည်။ မွေးနေ့ကို ကျင်းပဖြစ်သည် ဖြစ်စေ မကျင်းပဖြစ်သည် ဖြစ်စေ၊ မနက်စောစော ဘုရားသွား ရခြင်းကို မပျက်ကွက်အောင် ကြိုးစားခဲ့သည်။ နှင်းတွေ (တချို့ကတော့ မြူတွေလို့ ပြောကြသည်) ဝေနေအောင် ကျနေလို့ကတော့ အဲဒီနေ့မှာ နေထွက်လို့ နှင်းကွဲသည်အထိ လမ်းလျှောက်နေမိသည်။ ခေါင်းမှာ နှင်းတွေနဲ့ စိုနေတာ၊ အသက်ရှု ထုတ်လိုက်တိုင်း အငွေ့တွေ ထွက်သွားတာ သဘောကျမိသည်။ ဘုရားက ပြန်အလာ လမ်းမှာ ဘယ်သူ အရင်ဆုံး Birthday wish လုပ်မလဲ ဆိုတာ မျှော်မိသည်။ အမြဲတမ်း အစောဆုံးလုပ်တတ်တာတော့ သူငယ်ချင်း ချောစု ဖြစ်တတ်လေသည်။ (သူ့မွေးနေ့ဆိုရင်တော့ အမြဲတမ်း သုံးရက်နောက်ကျပြီးမှ ဖုန်းဆက်ဖြစ်လေသည်။ သူက ဂျူလိုင် ၁၆ ဆိုတော့ အာဇာနည်နေ့ကျမှ သူ့မွေးနေ့ ကျော်လာမှန်း သတိရ၍ ဖြစ်သည်။)

ဒုတိယ အချက်ကတော့ အေး၍ ဖြစ်သည်။ အဲယားကွန်းဆိုတာနဲ့ တစ်ခါမှ မအိပ်ဖူးသူ၊ အမြဲတမ်း စောင်ခြုံမှ အိပ်တတ်သူ ဖြစ်ရာ ဆောင်းရာသီသည် အိပ်ရာထဲတွင် ဇိမ်အကျဆုံး ဖြစ်သည်။

တတိယအချက်ကတော့ ရုံးပိတ်ရက်အများဆုံးလ (ဧပြီလမှလွဲ၍) ဖြစ်ရာ ကျောင်းသားဘဝရော ဝန်ထမ်းဘဝတွင်ပါ မကြိုက်စရာ ဘာရှိသနည်း။ အဲ .. ပိတ်ရက် ဂျူတီကျရင်တော့ ပျင်းဖို့ကောင်းလေသည်။ ဆေးရုံတွင်တော့ ၃၁ ရက် ဂျူတီကို အမြဲ မဲနှိုက် ရွေးရလေ့ရှိသည်။ လူတိုင်းက သူ့အစီအစဉ်နဲ့သူကိုး။

ဒီနှစ် ဒီဇင်ဘာကတော့ နည်းနည်း ပျင်းဖို့ကောင်းမည် ဖြစ်သည်။ ၂၀ ရက်ဆိုလျှင် ဗဟို ဝန်ထမ်းတက္ကသိုလ် သွားတက်ရတော့မည် ဖြစ်သောကြောင့်။ ဘလော့ဂ်ရေးတာလည်း ခဏတော့ နားရပေဦးမည်။

Tags:
November-27-08

ရှုံ့ချခြင်း

posted by ဒေါက်တာ ဂျူနီယာ

အပြစ်မဲ့ သူများအပေါ် သေကြေ ထိခိုက် ဒဏ်ရာ ရစေသော အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်သူ အားလုံးအား ပြင်းထန်စွာ ရှုံ့ချပါ၏။

I strongly condemned the terrorism in india and all over the world which cause innocent people death and injuries.

Tags:
November-25-08

ဆေးမင်ကြောင်

posted by ဒေါက်တာ ဂျူနီယာ

ကျန်းမာရေး ပညာပေးတွေ လိုတော့ လိုနေသေးတယ်။

Ward round ရင်း စကားစလိုက်သော ဆရာကြီး စကားကြောင့် အားလုံး နားစွင့်လာကြသည်။ လက်ဖဝါးတွင် မောင် ဟု ဆေးမင်ကြောင် ထိုးထားသော လူနာအမျိုးသမီးငယ်ကလည်း ဇဝေဇဝါဖြင့် ကြည့်နေသည်။ ဆရာကြီးက စကားမဆက်ပဲ လူနာကို ဆက်ပြီး စမ်းသပ်နေသည်။ ဓါတ်မှန်ကို ထောင်ကြည့်သည်။ ပေးထားသော ဆေးများကို ပြန်သုံးသပ်ပြန်သည်။ အာလုံးကတော့ စကားကို လိုအပ်သလို ထိထိမိမိ ပြောတတ်သော ဆရာကြိး ဘာစကားဆက်မလဲဟု စိတ်ဝင်စားနေကြသည်။

သက်သာလား၊ သမီး။

သက်သာပါတယ်၊ ဆရာ။

သမီးလက်က ဆေးမင်ကြောင်က ထိုးတာတာ ကြာပြီလား။

အမျိုးသမီးငယ် မျက်နှာ အနည်းငယ် ရှက်သွေးလွှမ်းသွားသည်။ ၄ နှစ်လောက်ရှိပါပြီ၊ ဆရာကြီး။ တောင်ပြုန်းပွဲ သွားရင်း မန္တလေးသွားရင်း ထိုးခဲ့တာပါ။

သမီး အမျိုးသားရော။

မနှစ်ကတည်းက ဆုံးသွားပါပြီ။ လေးနှစ်ကျော်ပဲ ပေါင်းလိုက်ရပါတယ်။ ဒီရောဂါနဲ့ပဲ ဆုံးသွားတာပါ။

(လူနာအမျိုးသမီး၏ ရောဂါနေရာတွင် HIV infection ဟု ရေးထားသည်)

သြော်၊ ဘယ်မှာနေတာလဲ။

ရန်ကုန်မှာပါပဲ ဆရာကြီး၊ ….. မြို့နယ်မှာပါ။

ဆရာကြီးက စကားမဆက်ပဲ လူနာ ဆက်လက် ကြည့်ရှုသည်။ ဆရာဝန်၊ သူနာပြု အခန်းရောက်တော့ သူနာပြုဆရာမကြီးက မနေနိုင်တော့။

ဆရာကြီး ဆက်ပြောလေ။ လက်မှာ ဆေးမင်ကြောင်ထိုးတာနဲ့ ကျန်းမာရေး ပညာပေးလိုတာနဲ့။

စဉ်းစားကြည့်လေ။ လွန်ခဲ့တဲ့ လေးနှစ်ဆိုတော့ သူ့မှာ ဒီပိုး စရှိမရှိ မသိနိုင်သေးဘူးလေ။ တကယ်ပဲ ဆေးမင်ကြောင်ထိုးလို့ ကူးတာလား။ ဒါမှမဟုတ် အဲဒီအချိန်ကပဲ သူ့မှာ ရှိနေပြီလား။ ဆေးမင်ကြောင်ထိုးတဲ့လူတွေက ဘယ်လောက်များမလဲ။ ကူးနိုင်တာကို စဉ်းစား ကြည့်တာပါ။

ဒါမှမဟုတ်ရင် နောက်မှပဲ ကူးတာလား။ ဒါကတော့ ဘယ်လိုမှ မသိနိုင်ဘူးလေ။ သူ့အမျိုးသားက မနှစ်က ဆုံးတယ်ဆိုတော့ ရှိခဲ့တာ ကြာနေပြီ ဆိုတာ ဖြစ်နိုင်တာပဲ။ ဒီထက် ပိုကူးနိုင်တာက အသည်းရောင်အသားဝါ ဘီ ရောဂါပိုးပဲ။ တစ်နှစ်တစ်နှစ် ဆေးမင်ကြောင် ထိုးတာကနေ HIV, အသည်းရောင်အသားဝါ ဘီ နဲ့ စီ ကူးတာ ဘယ်နှစ်ယောက်ရှိနိုင်မလဲ စဉ်းစားကြည့်ပေါ။ ဒီက ဆေးမင်ကြောင်အပ်တွေကို တစ်ခါသုံအပ် ဒါမှမဟုတ် သေချာ ပိုးသတ်ထားတဲ့ အပ်တွေ သုံးတဲ့ ဆိုင်တွေမှာပဲ ဆေးမင်ကြောင်ထိုးကြဖို့ အသိပေးတာ ပိုလုပ်သင့်တာပေါ့။

ဆရာကြီး ဆေးမင်ကြောင်ထိုးတာ ပွဲဈေးတန်းတွေမှာ အများဆုံးထိုးကြတာဆိုတော့ ပွဲဈေးတန်း ကြီးကြပ်တဲ့သူတွေကို တာဝန် ပေးလိုက်ပေါ့ ဆရာကြီး။

ဝင်ပြောလိုက်သော လက်ထောက်ဆရာဝန် ဂျူနီယာ စကားကြောင့် ဆရာကြီး ပြုံးလိုက်သည်။

အေး၊ အဲဒါကိုတော့ မင်းကိုပဲ တာဝန်ပေးရမယ်။ ပွဲရှိရင် မင်းကို ကြီးကြပ်သူစာရင်းထဲ ထည့်ပေးဖို့ TMO ( မြို့နယ် ဆရာဝန်ကြီး) ကို ငါ ပြောပေးမယ်။

………………………………………………………………………………………………………………………………………………………..

Tags:
November-21-08

G mail ရဲ့ အသွင်သစ်

posted by ဒေါက်တာ ဂျူနီယာ

Internet connection လေးရက် ပြတ်တောက်ပြီး သကာလ ယနေ့ ပြန်ရတဲ့ အခါကျတော့ G mail ရဲ့ နောက်ခံက တစ်မျိုးဖြစ်နေပါတယ်။ log in လုပ်လိုက်တော့ Themes ပြောင်းလို့ရတယ် ဆိုတဲ့ message လေးက အပေါ်ဖက်မှာ ပေါ်လာပါတယ်။ click လုပ်လိုက်တော့ အောက်က ပုံမျိုး ပေါ်လာပြီး Theme တစ်ခု ရွေးခိုင်းတယ်။

gmail themes

ကျနော်ကတော့ ဒီ နင်ဂျာ ဆိုတဲ့ theme လေးကို သဘောကျတယ်။ မျက်လုံးအေးတယ်။ ထင်ရှားတယ်။ နောက်ခံအရောင်က စာနဲ့ မရောဘူး။
Theme ကြောင့် သိသိသာသာ လေးသွားတာကို မတွေ့ရပါဘူး။
ထပ်ပြောင်းချင်တယ်ဆိုရင်တော့ setting ထဲကို ဝင်လိုက်ရင် ဘယ်ဘက် ထောင့်ဆုံးမှာ Themes ဆိုတဲ့ Tab လေးကို နှိပ်ပြီး ဝင်ရောက် ပြောင်းလဲနိုင်ပါတယ်။ အခု စာရေးနေတုန်းအထိတော့ အခုပေးထားတဲ့ Themes တွေ အပြင် ထပ်မံ ပြောင်းလဲလို့ ရတာတော့ မတွေ့သေးပါဘူး။

G mail ရဲ့ support site မှာတော့ အခုလို ရေးထားတာ တွေ့ရပါတယ်။

Themes

Themes allow you to customize the look and feel of your Gmail account. To choose a theme, click a thumbnail on the Themes tab of your Settings page.

In some cases, you can also customize by location. Some themes change during the day, and we use the location information you provide to correctly time these changes with your local sunrise, sunset, and/or weather. If you select one of these themes, you’ll see a Country/Region drop-down menu appear. Select the country you want, and then enter a city in the field provided. If you don’t enter a city, or enter an invalid one, we’ll set your location to the capital city of the country you selected. When you’re done, click Save.

Note: Google developed most of the themes, but three were designed by external artists; Phantasea Renewal was designed by Matthew Ferreira

, Summer Ocean by Jim Honeycutt, and Cherry Blossom by Vania Sofandi

.
ထွင်တော့ ထွင်နိုင်တဲ့ လူတွေပဲ။ လှသွားတာတော့ အမှန်ပဲ။
အဲ … အရင်ပုံလေးပဲ ကြိုက်တယ် ဆိုသူတွေအတွက် အပေါ်ဆုံးက log out ထွက်တဲ့နားမှာ Older version လို့ ပေးထားပါတယ်။ ကဲ … ဘာလိုသေးလဲ။

Tags:
Technorati Profile